သူ့ဘဝပြောင်းလဲစေခဲ့တဲ့ ခွဲစိတ်ကုသမှု လုပ်ပေးရာ ဆေးရုံသင်္ဘောကြီးဆီ တစ်ကျော့ပြန် သွားရောက်ခဲ့တဲ့ အာဖရိက လူငယ်လေး

25.6.2024-yyl-6.jpg

အာဖရိကမှ လူငယ်လေးတစ်ယောက်ဟာ သူ့ဘဝ ပြောင်းလဲစေတဲ့ ခြေထောက်ခွဲစိတ်မှု လုပ်ပေးခဲ့တဲ့ ရွေ့လျားဆေးရုံသင်္ဘောကြီးဆီ တစ်ကျော့ပြန် ရောက်လာခဲ့ပြီး ဆရာဝန် ဖြစ်ချင်တဲ့ သူ့အိပ်မက်ကိုလည်း ဖွင့်ပြောသွားခဲ့ပါတယ်။ မာဒါဂက်စကာကျွန်းနိုင်ငံမှာ နေထိုင်တဲ့ ရိုမီနိုဟာ ငယ်စဉ်ကတည်းက ခြေထောက်ခွင်နေတဲ့အတွက် လမ်းမလျှောက်နိုင်ခဲ့ပါဘူး။

မာဒါဂက်စကာနိုင်ငံမှ ဆရာဝန်တွေက အနှိပ်ကုထုံးနဲ့ကုရင် လမ်းပြန်လျှောက်နိုင်လိမ့်မယ်လို့ ယူဆပြီး လုပ်ဆောင်ခဲ့ကြပေမဲ့ ဘာမှ ထူးခြားမလာခဲ့ပါဘူး။ ၂၀၁၅ခုနှစ်မှာတော့ Africa Mercy လို့ အမည်ရတဲ့ ရွေ့လျားဆေးရုံသင်္ဘောကြီးက မာဒါဂက်စကာနိုင်ငံကို ဆိုက်ကပ်တဲ့အခါ သူ့မိခင်က ရိုမီနိုက သင်္ဘောကြီးဆီ ခေါ်သွားခဲ့ပါတယ်။

ဆရာဝန်တွေက ရိုမီနိုကို ခွဲစိတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရိုမီနိုက ပုံမှန်အတိုင်း လမ်းပြန် လျှောက်နိုင်ခဲ့တဲ့အပြင် သူငယ်ချင်းတွေနဲ့အတူ ပြေးလွှားတာ၊ ဘောလုံးကစားတာမျိုးပါ လုပ်နိုင်ခဲ့ပါတယ်။

အခုနှစ်မှာတော့ Africa Mercy သင်္ဘောကြီးက မာဒါဂက်စ်ကာနိုင်ငံကို တစ်ကျော့ပြန် ဆိုက်ကပ်လာတဲ့အခါ ရိုမီနိုက သင်္ဘောကြီးဆီ သွားခဲ့ပြီး သူ့ကို ခွဲစိတ်ပေးခဲ့တဲ့၊ သူ့ဘဝကို ပြောင်းလဲစေခဲ့တဲ့ ခွဲစိတ်ဆရာဝန်လိုမျိုး ဆရာဝန်တစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ကြိုးစားနေတယ်လို့ ပြောခဲ့တာပါ။

Africa Mercy သင်္ဘောကြီးဟာ ၁၉၉၆ ၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၂၄ ခုနှစ်တွေမှာ မာဒါဂက်စကာနိုင်ငံကို ၄ ကြိမ်တိုင်တိုင် ဆိုက်ကပ်ခဲ့ပြီး လူနာတွေရဲ့ဘဝကို ပြောင်းလဲစေခဲ့တဲ့ ခွဲစိတ်မှုပေါင်း ၆၄၂၅ ကြိမ်၊ သွားဘက်ဆိုင်ရာ ကုသမှု ၅၂၃၉၅ ကြိမ် လုပ်နိုင်ခဲ့တဲ့အပြင် ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လေ့ကျင့်သင်ကြားမှုတွေ လုပ်ပေးခဲ့ပါတယ်။

Ref:Boy Who Got Free Life-Changing Leg Surgery Returns to Same Hospital Ship a Decade on–Wanting to Be a Doctor

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top