ဘရာဇီးနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဟာ သူသေသွားတဲ့အခါ တမလွန်မှာ အသုံးပြုနိုင်ဖို့အတွက် ပေါင် ၃၁၀၀၀ ကျော် တန်ကြေးရှိတဲ့ Bentley ကားကို မြေကြီးထဲ မြှုပ်ထားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ ချီကွင်ညိုစကာပါက ဆော်ပေါ်လိုမြို့မှ သူ့စံအိမ်ထဲမှာ Bentley ကားကို မြှုပ်ဖို့ တွင်းတူးနေတဲ့ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။
အဲဒီလို ကြေညာခဲ့ပြီးနောက် မီဒီယာစာမျက်နှာတွေမှာ သူ့သတင်းက ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး ” ပရဟိတအဖွဲ့ကို ဘာလို့မလှူတာလဲ”၊ ”ဘယ်လောက်အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်လဲ” အစရှိသဖြင့် လူတွေက မှတ်ချက်အမျိုးမျိုး ပေးခဲ့ပါတယ်။ မှတ်ချက်အများစုကတော့ သူ့ကို ဝေဖန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရူးတစ်ယောက်လို သမုတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ချီကွင်ညိုစကာပါကတော့ ဒီကြေညာချက် နောက်ကွယ်က အကြောင်းရင်းမှန်ကို ထုတ်ပြောချိန်မှာတော့ လူအများစု အံ့အားသင့်ခဲ့ကြပါတယ်။
” ဒေါ်လာသိန်းချီတန်တဲ့ Bentley ကားကို မြေကြီးထဲမြှုပ်ပစ်မယ်လို့ ပြောတော့ လူတွေက ကျွန်တော့်ကို ဝေဖန်ကြတယ်။ ဒါပေမဲ့ လူအများစုက ဒီကားထက် တန်ကြေးရှိတဲ့ အရာတွေကို မြေကြီးထဲ မြှုပ်ပစ်နေကြတာပါပဲ။ နှလုံး၊ အသည်း၊ အဆုတ်၊ မျက်လုံး၊ ကျောက်ကပ်တို့လို အဖိုးတန်အရာတွေကို သူတို့ မြေမြှုပ်နေကြတာပဲလဲ။ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးခွဲစိတ်ဖို့ စောင့်ဆိုင်းနေသူတွေ အများကြီး ရှိနေချိန်မှာ လူ့အသက်ပေါင်းများစွာ ကယ်တင်နိုင်လောက်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက မလှူတန်းကြတာ အဓိပ္ပာယ်မဲ့လွန်းပါတယ်”လို့ ချီကွင်ညိုစကာပါက ပြောခဲ့တာပါ။ ဘရာဇီးနိုင်ငံမှာ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူတန်းမှု မြင့်တက်လာရေး လှုပ်ရှားမှုရက်သတ္တပတ်အတွင်း ချီကွင်ညိုစကာပါက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
Ref: Brazilian Man’s Plan to Bury His Bentley Proves to be an Ingenious Publicity Stunt for Organd
NZ ( ရိုးရာလေး)