ဝေးလံခေါင်ဖျားဒေသများအတွက် ရွေ့လျားမူကြိုကျောင်း

31-10-2022-yyl-31.jpg

လွန်ခဲ့တဲ့ ၅ နှစ်တုန်းကဆိုရင် ဥဇဘတ်ကစ္စတန်နိုင်ငံမှာ ကလေးငယ်တွေ မူကြိုတက်တဲ့နှုန်းက ၄ ယောက်၊ ၁ ယောက်နှုန်းပဲ ရှိတယ်။ ဝေးလံခေါင်ဖျားဒေသတွေဆိုရင်တော့ ၁၀ ယောက်၊ ၁ ယောက်နှုန်းအထိ နည်းပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ ဥဇဘတ်ကစ္စတန်အစိုးရက ရွေ့လျားမူကြိုကျောင်းတွေကို စေလွှတ်ခဲ့ပါတယ်။ ရွေ့လျားမူကြိုကျောင်းဆိုတာ စာအုပ်တွေ တင်ဆောင်ထားတဲ့ အဝါရောင်ကားတွေပါပဲ။ လျှပ်စစ်စွမ်းအင်နဲ့ ရေပေးဝေမှုစနစ် မရှိတဲ့နေရာတွေမှာ အဆင်ပြေစေဖို့ ကားခေါင်မိုးပေါ်မှာ ဆိုလာစွမ်းအင် တပ်ဆင်ထားပြီး လေအေးပေးစက်၊ မီးဖို၊ ရေအိမ်တွေ ထည့်သွင်းထားပါတယ်။

တစ်နေ့ကို တစ်ရွာစီ လှည့်လည်နေတဲ့ ရွေ့လျားမူကြိုကျောင်းမှာ သင်ကြားမှု အတွေ့အကြုံရှိ ဆရာမတွေက ကလေးတွေကို ပျော်ပျော်ပါးပါး ဆော့ကစားပေးရင်း ဆေးရောင်ခြယ်တာ၊ သီချင်းဆိုတာ၊ ကဗျာဆိုတာတွေ လုပ်ပေးလေ့ရှိပါတယ်။ တစ်ကြိမ်ကို ၃ နာရီနှုန်း ကြာပြီး ကလေးငယ် ၁၆ ယောက်အထိ သင်ကြားပေးနိုင်ပါတယ်။

၂၀၁၇ ခုနှစ်မှာ အဲဒီအစီအစဉ် စတင်ခဲ့ပြီးနောက်ပိုင်း ဥဇဘတ်ကစ္စတန်နိုင်ငံမှာ မူကြိုကျောင်းအပ်နှံမှုက ၂၇ ရာခိုင်နှုန်းကနေ ၆၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်မှာတော့ ၈၀ ရာခိုင်နှုန်းအထိ လျာထားတယ်လို့ ဆိုပါတယ်။

” ကလေးငယ်တွေအတွက် အားလုံးပါဝင်နိုင်တဲ့၊ ဂရုစိုက်ပေးတဲ့၊ ဖန်တီးနိုင်စွမ်း မြှင့်တင်ပေးတဲ့ မူကြိုပညာရေး ရရှိဖို့ အဓိက ကျပါတယ်။ ဥဇဘတ်ကစ္စတန်နိုင်ငံရဲ့ ရွေ့လျားမူကြိုကျောင်းစီမံကိန်းဟာ အလားတူရည်မှန်းချက်မျိုးရှိတဲ့ တခြားနိုင်ငံတွေအတွက် စံနမူနာတစ်ရပ်လည်း ဖြစ်ပါတယ်” လို့ ယူနက်စ်ကိုရဲ့ ပညာရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး စတီဖန်နီယာဂီအန်နီနီက ဆိုပါတယ်။

Ref: Uzbekistan’s solution to a lack of rural preschools? Kindergartens on wheels

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top