မူလန်ရုပ်ရှင်သစ်မှာ စစ်သူကြီး လီရှန် ဇာတ်ကောင် ပါဝင်မှာမဟုတ်

NEPMrOv2xUmfTR_2_a.jpg

ဒစ်စနေက လိုက်ဖ်အက်ရှင် ရုပ်ရှင်အဖြစ် ပြန်လည် ဆန်းသစ်ဖန်တီးသွားမယ့် Mulan (မူလန်)ရုပ်ရှင်သစ်မှာ စစ်သူကြီး လီရှန် ဇာတ်ကောင် ပါဝင်မှာ မဟုတ်ဘူးဆိုတဲ့ ကောလဟာလ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေပါတယ်။

၁၉၉၈ ခုနှစ်က အလွန်ကို အောင်မြင်ခဲ့တဲ့ ရုပ်ရှင် “Mulan” မှာလီရှန်က ဘုရင့်တပ်မတော် တပ်သားသစ်တွေကို လေ့ကျင့်ပေးရပြီး တပ်သားသစ် မူလန်ရဲ့ အထက်လူကြီးလည်း ဖြစ်ပါတယ်။ ယောက်ျားလေး အယောင်ဆောင်ထားတဲ့ မူလန့်ကို ချစ်မိသွားတဲ့ လီရှန်ကို bisexual (လိင်စိတ်နှစ်မျိုးရှိသူ) အဖြစ် ဖန်တီးထားခဲ့တာပါ။ နောက်ပိုင်းမှ မူလန်ကို မိန်းကလေးမှန်းသိပြီး ဇာတ်လမ်း အဆုံးသတ်မှာ သူတို့နှစ်ဦး ပေါင်းစည်းသွားတာနဲ့ အဆုံးသတ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်က မူလန်ရုပ်ရှင်ကို လိုက်ဖ်အက်ရှင်အဖြစ် ပြန်လည် ဆန်းသစ်ဖန်တီးတော့မှာ ဖြစ်ကြောင်း ကြေညာပြီးတဲ့ အခါ ပရိသတ်တွေက သူတို့ချစ်ရတဲ့ လီရှန် ဇာတ်ကောင် ဖယ်ထုတ်ခံရမှာ မဟုတ်ဘူးလို့ တထစ်ချ ယုံကြည်ထားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဇာတ်လမ်းမှာ သရုပ်ဆောင်မယ့် ဇာတ်ကောင်စာရင်းမှာတော့ ဒစ်စနေက လီရှန်ရဲ့နေရာမှာ ဇာတ်ကောင်အသစ်ဖြစ်တဲ့ ချန်းကို ဖန်တီးထားပြီး ဇာတ်လမ်း အကြောင်းအရာကိုလည်း ပြောင်းလဲခဲ့ပါတယ်။

ချန်းက မူလန့်ကို သူ့ရဲ့ ပြိုင်ဖက် တစ်ယောက် အဖြစ်သာမြင်ပြီး သူ့ထက် သာလွန်တဲ့ အရည်အချင်းတွေ ရှိနေတဲ့ အတွက် မကျေနပ်ခဲ့ပါဘူး။ နောက်မှ ပြိုင်ဖက်အဖြစ် သတ်မှတ်ထားတဲ့ မူလန်က မိန်းကလေးမှန်း သိသွားပြီး ပြိုင်ဖက် အဖြစ်ကနေ ချစ်ရသူ အဖြစ် ပြောင်းသွားခဲ့ပါတယ်။

Mulan ရုပ်ရှင်သစ်မှာ ပါဝင်သွားကြမယ့် ဇာတ်ကောင်တွေအနက် လတ်တလောမှာတော့ တရုတ် နာမည်ကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီး ဂေါင်လီ နဲ့ မင်းသားဂျက်လီတို့ ပါဝင်မှာဖြစ်ပြီး ဂျက်လီက တရုတ်အင်ပါယာရဲ့ ဘုရင်အဖြစ် ပါဝင်သွားမှာဖြစ်ပြီး ဂေါင်လီကတော့ စုန်းမအဖြစ် ပါဝင်သွားဖို့ ဆွေးနွေးနေကြောင်း သတင်းရရှိပါတယ်။

အသစ် ဖန်တီး ထုတ်လုပ်မယ့် ရုပ်ရှင်မှာ မူလရုပ်ရှင် နဲ့ သိသိသာသာ ကွဲပြားနေတဲ့ အချက်က အဓိက ဇာတ်ဆောင် မူလန်မှာ ညီမတစ်ဦး ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကောင်အတွက်ကတော့ တရုတ်-ဗီယက်နမ်လူမျိုး မင်းသမီးဇီနာတန်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

တရုတ်မင်းသမီး လျူရီဖေး (ဂူဂူး) က အဓိက ဇာတ်ဆောင် မူလန် အဖြစ် ပါဝင်သွားမှာ ဖြစ်ပြီး အက်ရှင် မင်းသားကြီး ဒန်နီရယ်ကတော့ ထပ်တိုး ဇာတ်ကောင်ဖြစ်တဲ့ ချန်း နေရာက သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

လိုက်ဖ်အက်ရှင် ရုပ်ရှင် မူလန်ကို လာမယ့် ၂၀၂၀ ပြည့်နှစ် မတ် ၂၇ ရက်မှာ စတင်ထုတ်လွှင့် နိုင်ဖို့ရာ စီစဉ်ထားတာဖြစ်ပြီး ဇာတ်လမ်းပိုင်း အကြောင်းအရာ အချို့နဲ့ ဇာတ်ကောင် အသစ် ဖန်တီးထားမှု အပေါ် ပရိသတ်တွေက နှစ်သက်မှု မရှိကြောင်း ဝေဖန်စာတွေ ရေးသား ဖော်ပြခဲ့ကြပါတယ်။

Ref : Koreaboo

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top