အော်တစ်ဇင်ကလေးငယ်ဖန်တီးတဲ့ တိုင်တန်းနစ်သင်္ဘောပုံတူကို ပြတိုက်တွေမှာ ပြသ

24-6-2020-yyl-026.jpg

အော်တစ်ဇင် (Autism) အခြေအနေရှိနေတဲ့ ကလေးငယ်တစ်ဦးဟာ အရုပ်ဆက်တဲ့ ရောင်စုံတုံးတွေကို အသုံးပြုပြီး ကမ္ဘာ့အကြီးမားဆုံး တိုင်တန်းနစ်သင်္ဘောပုံတူ ဖန်တီးခဲ့ပါတယ်။

အိုက်စလန်နိုင်ငံ ရေကာဗစ် (Reykjavik) မြို့က အသက် ၁၀ နှစ်အရွယ် ကလေးငယ် ဖန်တီးတဲ့ အဲဒီသင်္ဘောပုံတူဟာ အလျား ၂၆ ပေ အမြင့် ၅ ပေ ရှိပါတယ်။

ဘရန်ဂျာလို့ အမည်ရတဲ့ ဒီကလေးငယ်ဟာ အသက် ၅ နှစ်အရွယ်ကတည်းက အရုပ်ဆက်တဲ့ေ ရာင်စုံတုံးတွေနဲ့ ဆော့ကစားခဲ့သူပါ။ ”တစ်ခါတစ်လေ ပုံစံပြထားတဲ့အတိုင်း အရုပ်ဆက်တယ်။ တစ်ခါတစ်လတော့ ကိုယ့်အတွေးနဲ့ကိုယ် ဆက်ပါတယ်”လို့ ဘရန်ဂျာက ပြောပါတယ်။

ဘရန်ဂျာဟာ ငယ်ငယ်တုန်းက ရထားတွေကို သဘောကျခဲ့ပေမဲ့ သူ့အဘိုး အော့မန်ဆန်က ငါးမျှားဖို့ လှေပေါ် တင်ခေါ်သွားပြီးနောက်မှာတော့ သင်္ဘောတွေကို စိတ်ဝင်စားလာခဲ့ပြီး ၁၀ နှစ်အရွယ်မှာ တိုင်တန်းနစ်သင်္ဘောအကြောင်း သူ သိသွားခဲ့ပါတယ်။

”ကျွန်တော့်အမေနဲ့ ဒိန်းမတ်နိုင်ငံ သွားလည်တုန်းက နာမည်ကျော် အိမ်တွေ၊ လေယာဉ်တွေ၊ တည်နေရာတွေ၊ သင်္ဘောတွေရဲ့ အံ့အားသင့်စရာ ပုံစံငယ်တွေကို ပထမဦးဆုံး စတွေ့ခဲ့ပါတယ်။ ကျွန်တော်လည်း ရောင်စုံတုံးတွေသုံးပြီး ပုံစံငယ် ဖန်တီးဖို့ စဉ်းစားခဲ့ပါတယ်။ ကျွန်တော် အသက် ၁၀ နှစ်အရွယ်မှာ လူရုပ်(ရောင်စုံတုံးနဲ့ ဖန်တီးတဲ့ လူအရုပ်)တွေ စီးနိုင်လောက်တဲ့ တိုင်တန်းနစ်သင်္ဘော ပုံစံငယ် ဖန်တီးဖို့ အကြံရခဲ့ပါတယ်”လို့ ဘရန်ဂျာက ပြောပါတယ်။

ဘရန်ဂျာရဲ့စီမံကိန်းကို အင်ဂျင်နီယာဖြစ်တဲ့ အဘိုးဖြစ်သူ အော့မန်ဆန်နဲ့ သူ့အမေ ဘီဂျာနေးတို့က ကူညီခဲ့ပြီး မိသားစုကိစ္စဖြစ်လာခဲ့ပါတယ်။ အော့မန်ဆန်က တိုင်တန်းနစ်သင်္ဘောကို ရောင်စုံတုံးနဲ့ ဖန်တီးနိုင်တဲ့ ပုံစံငယ်အရွယ်အစားဖြစ်အောင် ချုံ့ပေးခဲ့ပြီး ရောင်စုံတုံး ဘယ်လောက်သုံးရမလဲဆိုတာ တွက်ချက်ပေးခဲ့ပါတယ်။

မိခင်ဖြစ်သူ ဘီဂျာနေးကတော့ သားဖြစ်သူအတွက် ပင်တိုင်အားပေး ဂုဏ်ပြုပေးခဲ့ပါတယ်။ ”ကျွန်တော့်စိတ်ကူးယဉ်စီမံကိန်းကို အမေသာ မထောက်ပံ့ပေးဘူးဆိုရင် အမှန်တကယ်ဖြစ်လာမှာမဟုတ်ပါဘူး”လို့ ဘရန်ဂျာက ပြောပါတယ်။

ရောင်စုံတုံးတွေဝယ်ဖို့အတွက် မိသားစုဝင်တွေနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေက ငွေလှူဒါန်းခဲ့ကြပါတယ်။ ဘရန်ဂျာဟာရောင်စုံတုံး ၅၆၀၀၀ အသုံးပြုပြီး နာရီပေါင်း ၇၀၀ ကျော် ဒါမှမဟုတ် အချိန် ၁၁ လကျော်အတွင်း တိုင်တန်းနစ်သင်္ဘောပုံစံငယ်ကို ဖန်တီးခဲ့တာပါ။

ကမ္ဘာတစ်လွှားက ပြတိုက်တွေမှာ ပြသဖို့အတွက် ဘရန်ဂျာရဲ့ တိုင်တန်းနစ်သင်္ဘောပုံစံငယ်ကို အစိတ်အပိုင်းကြီး သုံးခုခွဲပြီး တင်ဆောင်ခဲ့ကြပါတယ်။ နောက်ကျမှ
အဲဒီအစိတ်အပိုင်းတွေကို ပြန်ဆက်ပြီး ပြတိုက်မှာ ပြသခဲ့တာပါ။ အခုအချိန်မှာ တိုင်တန်းနစ်ပုံစံငယ်ကို တင်နက်ဆီပြည်နယ်(Titanic Museum Attraction)ပြတိုက်မှာပြသထားပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ အဲဒီမှာ ပြသသွားမှာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဘရန်ဂျာ အသက် ၁၅ နှစ်ရှိနေပါပြီ။ တိုင်တန်းနစ်သင်္ဘော ပုံစံငယ်မဖန်တီးရသေးခင်က သူ့ဘဝသူ မပျော်ရွှင်သလို အထီးကျန်ဖြစ်နေတယ်လို့ ခံစားခဲ့ရတဲ့ ဘရန်ဂျာဟာ အခုအချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေပြီး အတန်းဖော်တွေကြားမှာလည်း အထင်ကြီးလေးစားခံရသူ ဖြစ်နေပါပြီ။

Ref:https://edition.cnn.com/…/lego-titanic-replica-b…/index.html
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top