မက်ဆီရဲ့ မမေ့နိုင်စရာလုပ်ရပ်ကို ဖွင့်ဟခဲ့တဲ့ လာလီဂါကစားသမားဟောင်း

s1.jpg

အယ်လ်မီရီယာကစားသမားဟောင်း ဖေဘီယန်ဗားဂတ်စ်က သူ့ရဲ့ ကစားသမားဘဝမှာ မက်ဆီနဲ့ပတ်သက်ပြီး မမေ့နိုင်စရာဖြစ်ရပ်တစ်ခုကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အယ်လ်မီရီယာအသင်းဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ဘာစီလိုနာနဲ့ ကစားရာမှာ (၈) ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲမတိုင်ခင် ဖေဘီယန်ဗားဂတ်စ်က မက်ဆီထံကနေ အကူအညီတစ်ခု တောင်းခဲ့ပါတယ်။

အဲဒီနှစ်က ကိုလံဘီယာနိုင်ငံမှာ ရေကြီးရေလျှံခဲ့လို့ ရေဘေးသင့်ပြည်သူတွေ ရန်ပုံငွေရဖို့ ကိုလံဘီယာနိုင်ငံမှာရှိတဲ့သူငယ်ချင်းတွေက ဖေဘီယန်ဗားဂတ်စ်ထံဖုန်းဆက်ပြီး သူ့ဆီကနေ ဂျာစီတောင်းခဲ့ပါတယ်။ ဖေဘီယန်ဗားဂတ်စ်ကတော့ ဘာစီလိုနာနဲ့ ကစားရမှာကို အခွင့်ကောင်းယူပြီး ပွဲမစခင် မက်ဆီကိုအကျိုးအကြောင်းပြောပြရင်း မက်ဆီရဲ့ ဂျာစီကို တောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ ဘာစီလိုနာကို (၈) ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ ဖေဘီယန်ဗားဂတ်စ်လည်း စိတ်ပျက်လက်ပျက်ဖြစ်ပြီး မက်ဆီထံကနေ ဂျာစီတောင်းထားတာကို မေ့သွားပါတယ်။

”ဒေါသကထွက်၊ စိတ်မကောင်းဖြစ်ပြီး ကွင်းထဲက ထွက်လာလို့ ကျွန်တော် မက်ဆီထံက ဂျာစီတောင်းထားတာကို မေ့သွားပါတယ်” လို့ ဗားဂတ်စ်က ပြောပါတယ်။ ဒါပေမဲ့ မက်ဆီကတော့ ဗားဂတ်စ်ရဲ့တောင်းဆိုမှုကို မမေ့လျော့ခဲ့ပါဘူး။ အဝတ်လဲခန်းထဲမှာ ဗားဂတ်စ်ထိုင်နေတုန်း သူနဲ့ တွေ့ချင်တဲ့သူတစ်ယောက် အပြင်မှာစောင့်နေတယ်လို့ အယ်လ်မီရီယာအသင်း ဝန်ထမ်းတစ်ယောက်က လာပြောပါတယ်။ အဝတ်လဲခန်းအပြင်ထွက်ကြည့်လိုက်တော့ မက်ဆီက အထုတ်တစ်ထုပ်ကိုင်ပြီး စောင့်နေပါတယ်။ ”ရော့ ဒီမှာ ငါလိုက်စုလို့ရသလောက် ဂျာစီတွေ ယူလာတယ်။ သူ့ကို ကျွန်တော် ကျေးဇူးတင်လို့ ပွေ့ဖက်လိုက်မိတယ်။ စိတ်ထဲမှာတော့ ငါတောင်းထားတဲ့ဂျာစီလာပေးတာပဲလို့ ထင်ခဲ့မိတယ်”လို့ ဗားဂတ်စ်က ပြောပါတယ်။

အဝတ်လဲခန်းထဲကို ပြန်သွားပြီး မက်ဆီပေးတဲ့ အထုပ်ကို ဖွင့်ကြည့်လိုက်တော့ ဗားဂတ်စ်တစ်ယောက် အရမ်းအံ့သြသွားပါတယ်။ အိတ်ထဲမှာ မက်ဆီရဲ့ဂျာစီတစ်ထည်တည်း မကပါဘူး။ ဇာဗီ၊ အင်နီယက်စတာ၊ ဒန်နီအဲဗက်စ်၊ ပီကေး၊ ပူယိုးလ်တို့ ဂျာစီတွေပါ ပါဝင်နေလို့ပါပဲ။ ဗားဂတ်စ်ကတော့ မက်ဆီရဲ့အပြုအမူကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ မက်ဆီတစ်ယောက် စံချိန်တွေ ဆက်ချိုးနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top