ပဲရစ်ရဲ့ မိ်န်းမပျို သို့မဟုတ် နော်ထျာဒမ်ဝတ်ကျောင်းတော်

yyl-006.jpg

ဗစ်တာဟူဂို (Victor Hugo) ရဲ့ ခါးကုန်းကြီး (The Hunchback of Notre-Dame)ဝတ္ထုဖတ်ဖူးမယ်ဆိုရင်ဖြင့် နော်ထျာဒမ် (Notre-Dame)ဆိုတဲ့နာမည်က နားထဲစိမ်းမနေလောက်ပါဘူး။

ဒါ့အပြင် မြောက်မြားစွာသောရုပ်ရှင်တွေထဲမှာ နော်ထျာဒမ်က အထင်ကရ ပါဝင်နေပြီးသားဖြစ်ပါတယ်။ ပြင်သစ်လို နော်ထျာဒမ်ဆိုတဲ့နာမည်ဟာ ပဲရစ်မြို့ရဲ့မိန်းမပျိုလို့ အမည်ရပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တည်ရှိတဲ့ နော်ထျာဒမ်ဝတ်ကျောင်းတော်ဟာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ခန့်ညားထည်ဝါလှတဲ့ ကက်သိုလစ်ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ပြင်သစ်မှာသာမက ကမ္ဘာမှာပါ အကြီးမားဆုံးဘုရားကျောင်းတွေထဲကတစ်ခုဖြစ်တဲ့အပြင် ပြင်သစ်ရဲ့၁၁၄၀ ခုနှစ်မှ ၁၅၀ဝခုနှစ်အတွင်းကဗိသုကာပညာရပ် (Gothic Architecture) တွေနဲ့ ခြယ်မှုန်းထားတဲ့ အလှပဆုံးကျောင်းတော်တွေထဲက တစ်ခုဖြစ်ပါတယ်။

၁၃၄၅ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ နော်ထျာဒမ်ကျောင်းတော်ဟာ ကက်သိုလစ်ဝါဒရဲ့အရေးအကြီးဆုံး ကျောင်းတော်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရှေးကျလှတဲ့ ဗိသုကာပညာရပ်တွေအပြင် ကျောက်ဆစ်ဂါဂွိုင်းရုပ် ( Gargoyle)တွေကလည်း နော်ထျာဒမ်ကိုပိုမို ကျော်ကြားစေပါတယ်။ ဂါဂွိုင်းရုပ်တွေကို ရေစီးမြောင်းတွေ ထည့်သွင်းထုလုပ်ထားတာဖြစ်လို့ အချို့အရုပ်တွေမှာ ပါးစပ်ကနေတစ်ဆင့် ရေစီးကျနေလေ့ရှိပါတယ်။ ကျောင်းတော်အတွင်းပိုင်းမှာလည်း ခမ်းနားလှပတဲ့ အဖိုးအဖြတ်နိုင်တဲ့ ရှေးဟောင်းလက်ရာများစွာက သင့်ကို လောကကြီးကို မေ့လျော့စေဖို့ လုံလောက်ပါတယ်။ မှန်စီတံခါးလက်ရာများ၊ ပန်းပုလက်ရာများ၊ ဗိသုကာအချိုးအဆစ်များက နော်ထျာဒမ်ရဲ့ကြီးကျယ်ခမ်းနားမှုကို ဘောင်ကွပ်ပေးထားပါတယ်။

ဒါ့အပြင် နော်ထျာဒမ်ရဲ့ခေါင်းလောင်းသံတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ကျောင်းတော်မှာ ဧရာမခေါင်းလောင်းကြီး၁ဝခုရှိပြီး ကျော်ကြားလှတဲ့ နော်ထျာဒမ်ရဲ့ သံစဉ်တွေကို ထုတ်လွှတ်ပေးပါတယ်။ အကြီးဆုံးခေါင်းလောင်းကတော့ တောင်ဘက်တာဝါမှာရှိုပြီး ၁၆၈၁ခုနှစ်ကတည်းကဖြစ်ပါတယ်။ ကျောင်းတော်မှာ တာဝါ ၂ဆောင်ရှိပြီး အပေါ်ပိုင်းကြောင်လိမ်လှေကားထစ်တွေမှာ ကျဉ်းကျဉ်းလေးတက်ရတဲ့ လှေကားထစ်ပေါင်း ၃၈၇ထစ်ရှိပါတယ်။ အပေါ်ဆုံးရောက်ရင်တော့ ပါရီ ခေါ် ပဲရစ်တစ်မြို့လုံးရဲ့ အလှအပကို စိတ်ကြိုက်ခံစားလို့ရပါပြီ။

နော်ထျာဒမ်ကျောင်းတော်မှာ ပြင်သစ်ပြည်ရဲ့ ထူးခြားထင်ရှားတဲ့ ဖြစ်စဉ်များ၊ ပွဲများ အတော်များများလုပ်ဖြစ်ခဲ့ပါတယ်။ ထုတ်နှုတ်ဖော်ပြရမယ်ဆိုရင် ၁၁၈၅ခုနှစ်တုန်းက တတိယမြောက်ခရူးဆိတ်စစ်ပွဲအတွက် တိုက်ပွဲခေါ်သံကို ဟီရာစီလီးယပ်စ်က တည်ဆောက်ဆဲဖြစ်တဲ့ နော်ထျာဒမ်ကျောင်းတော်ကနေ တစ်ဆင့် ကြေငြာခဲ့ဖူးပါတယ်။ ၁၂၃၉မှာ ခရစ်တော်ရဲ့ ဆူးခက်သရဖူကို သူတော်စင်လူးဝစ်စ်က နော်ထျာဒမ်မှာ ခေတ္တလာထားခဲ့ပါတယ်။ ပြင်သစ်ဘုရင်အတော်များများလည်း နန်းတက်ပွဲ၊ သူကောင်းပြုပွဲစသဖြင့် ပွဲတော်တော်များများကို နော်ထျာဒမ်မှာ ကျင်းပခဲ့ပါတယ်။ နပိုလီယန်ရဲ့ နန်းတက်ပွဲကိုလည်း ၁၈၀၄မှာ နော်ထျာဒမ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်ပြင်သစ်ပြည် ပဲရစ်မြို့ကို အလည်တစ်ခေါက်ရောက်ခဲ့မယ်ဆိုရင်တော့ သိမ်းမြစ်ကမ်းပေါ်မှာ ကြွားကြွားဝံ့ဝံ့ရပ်တည်နေတဲ့ နော်ထျာဒမ်ကို ဝင်ရောက်လေ့လာခဲ့ပါလို့ အကြံပြုချင်ပါတယ်။
Ref: Notre-Dame de Paris
Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top