ကိုယ်ဝန်ဆောင်မေမေ ပိန္နဲသီးစားလို့ရမလား

20-3-2020-yyl-020.jpg

ပိန္နဲသီးကြိုက်တယ်။မွှေးနေတာပဲ။ စားချင်လိုက်တာ။ ကိုယ်ဝန်ဆောင်ထားရလို့ စားလို့ဖြစ်ပါ့မလား၊ လို့တွေးနေတဲ့ မမဗိုက်တို့ရေ… ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီးစားလို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီး စားလို့ရလားဆိုတော့ မစားဖို့ပြောကြတာရှိသလို စားလို့ရတယ်လို့ပြောကြတာလည်းရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အစောပိုင်း ကာလမှာတော့ အနည်းအကျဉ်း စားလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အစားအသောက်ကို ဂရုစိုက်တာကတော့ အကောင်းဆုံးဖြစ်မှာပါ။ လေ့လာချက်တိတိပပ မရှိပေမယ့် တော်တော်များများကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီးမစားတာ အကောင်းဆုံးပါ၊ လို့ပြောနေကြပါတယ်။

ဒီလိုအခြေအနေတွေကတော့ လုံးဝမစားသင့်ပါဘူး

ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဒီလိုအခြေအနေ ရှိနေမယ်ဆိုရင်တော့ ပိန္နဲသီးမစားသင့်ပါဘူး။

ဆီးချိုရောဂါရှိနေရင် – ပိန္နဲသီးကသွေးတွင်း သကြားဓါတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုရှိတဲ့မေမေတွေမစားသင့်ပါဘူးနော်။
သွေးရောဂါတစ်ခုခုရှိသူတွေ – ပိန္နဲသီးက သွေးခဲစေနိုင်တာကြောင့် သွေးရောဂါတစ်ခုခုရှိသူတွေ မစားသင့်ပါဘူး။
အစာခြေစနစ်အားနည်းသူတွေ – ပိန္နဲသီးက အမျှင်ဓါတ်များပြီး အစာကြေခဲတာကြောင့် အစာခြေစနစ် ပြဿနာရှိသူတွေ မစားသင့်ပါဘူး။
ပိန္နဲသီးနဲ့ဓါတ်မတည့်သူတွေ – ပိန္နဲသီးစားပြီးတိုင်းအော့အန်တယ်။ ဝမ်းသွားတယ်ဆိုရင် ပိန္နဲသီးနဲ့ဓါတ်မတည့်တာ ဖြစ်နိုင်တာကြောင့် မစားပါနဲ့။

ကိုယ်ဝန်ဆောင်နဲ့ပိန္နဲသီး

အပေါ်ကအခြေအနေတွေ မရှိဘူးဆိုရင်တော့ ပိန္နဲသီးကို အနည်းအကျဉ်းစားလို့ရပါတယ်။ ပိန္နဲသီးစားသုံးပေးတာက ကိုယ်ဝန်ဆောင်မေမေအတွက် အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

သတ္တုဓါတ်တွေရရှိစေနိုင်တယ်

ပိန္နဲသီးက ကယ်လ်ဆီယမ်၊ ဇင့်၊ ၊ ဘီတာ ကယ်ရိုတင်းတို့ပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေကိုပြည့်ပြည့်ဝဝရရှိစေမှာပါ။

သွေးပေါင်ကျစေနိုင်တယ်

ကိုယ်ဝန်ဆောင်သွေးတိုးကို ကာကွယ်ပေးသလို သွေးတိုးရှိသူတွေမှာလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလသွေးတိုးကို ကာကွယ်ချင်သူတွေ စားပေးလို့ရပါတယ်။

အင်အားပြည့်စေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ မောပန်းလွယ်တာ၊ မအီမသာဖြစ်တာတွေကို လျော့ပါးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အားပြည့်လန်းဆန်းနေစေမယ့် အစားအစာတစ်ခုပါ။

ဝမ်းချုပ်တာကိုသက်သာစေနိုင်တယ်

အမျှင်ဓါတ်ပါဝင်နေတာကြောင့် အူတွေကို လှုပ်ရှားမှုကောင်းစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

ဆိုဒီယမ်ပါဝင်မှုနည်းတယ်

အဆီနဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားလို့ရတဲ့ အသီးတစ်ခုပါ။

သန္ဓေသားကိုကြီးထွားစေတယ်

ဗီတာမင်အေ၊ ဗီတာမင် စီ၊ဖောလိတ်၊ သံဓါတ်တို့ပါဝင်နေတာကြောင့် ပိန္နဲသီး အတန်အသင့်စားသုံးပေးမှုက သန္ဓေသားလေးကြီးထွားဖို့ အထောက်အကူပြုပေးနိုင်မှာပါ။

စိတ်ဖိစီးမှုလျော့ကျစေနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေကိုလျော့ပါးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကဘေဘီလေးအတွက် မကောင်းတဲ့အရာဆိုတော့ ပိန္နဲသီး နည်းနည်းလောက်စားလို့ စိတ်ဖိစီးမှု ကင်းကင်းနေလိုက်ပါ။

ကိုယ်ခံအားကောင်းစေတယ်

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ လိုအပ်တဲ့ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှုကင်းပြီး ကိုယ်ခံအားကောင်းနေစေဖို့ စားပေးသင့်ပါတယ်။

ပိန္နဲသီးမစားပါနဲ့ပြောရတဲ့အကြောင်းအရင်းက

သွေးတွင်းသကြားဓါတ် မြင့်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်ဆီးချို ခံစားနေရသူတွေအနေနဲ့ အချိုဓါတ်ကဲတဲ့ ပိန္နဲသီးကို စားသုံးမှုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပဿနာတွေ မေမေရောဘေဘီမှာ ပါခံစားနိုင်ရတာကြောင့် မစားဖို့ပြောရတာပါ။ ပိန္နဲသီးက အခန့်မသင့်ရင် ဝမ်းပျက်စေနိုင်တာကြောင့်လည်း ကိုယ်ဝန်ဆာင်မေမေတို့အနေနဲ့ အများကြီးစားဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ပိန္နဲသီးကြိုက်တယ်ဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ အသီးကို နည်းနည်းလောက်ပဲစားပေးပါလို့ အကြံပြုပါရစေနော်။

Ref : hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top