ခန္ဓာကိုယ်အတွင်းက ယူရစ်အက်စစ်ပမာဏကို ဘယ်လိုထိန်းမလဲ

14-9-2020-yyl-016.jpg

အချိန်ကြာလာတာနဲ့ ခန္ဓာကိုယ်အတွင်းက ယူရစ်အက်စစ်များတဲ့ပြဿနာက အတော်လေးလွှမ်းမိုးလာနိုင်ပါတယ်။ ဂေါက်ရောဂါ (အဆစ်အမြစ်နာရောဂါ)လို ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်တဲ့ ဒီပြဿနာကိုကြုံတွေ့ခံစားရတဲ့ လူတွေ ပိုများလာနေပါတယ်။ ယူရစ်အက်စစ်က ပျူရင်း (Purine) ဆိုတဲ့ ပရိုတင်းဓာတ်တစ်မျိုးပါဝင်တဲ့ အစားအစာကို ချေဖျက်ပြီးနောက် ယူရစ်အက်စစ်က သဘာဝအလျောက်ဖြစ်လာရပါတယ်။ ပျူရင်းဓာတ်က ခန္ဓာကိုယ်ရဲ့ဆဲလ်အတွင်းမှာ ဖြစ်လာတဲ့ နိုက်ထရိုဂျင်ပါဝင်တဲ့ ဒြပ်ပေါင်းဖြစ်တဲ့အပြင် အတွင်းကလီစာ၊ အနီရောင်သမ်းတဲ့အသား၊ ပင်လယ်စာတွေလို အစားအစာတွေကနေလည်း အဲဒီဓာတ်ကို ရနိုင်ပါတယ်။ ဒီဒြပ်ပေါင်းက ယူရစ်အက်ဆစ်ကို ဖြစ်ပေါ်လာစေပါတယ်။ ပုံမှန်ဆိုရင် အက်စစ်က အသည်းကနေဖြတ်ပြီး သွေးလမ်းကြောင်းထဲကို ဝင်ပါတယ်။ ဒါပေမဲ့ အက်စစ်အရေအတွက်က သွေးထဲက ပုံမှန်ပမာဏထက် ပိုသွားတဲ့အခါ ခန္ဓာကိုယ်တစ်ရှုးတွေမှာ စုပုံလာပြီး ပုံဆောင်ခဲတွေဖြစ်လာပါတယ်။

အမျိုးသမီးတွေမှာ ယူရစ်အက်စစ် ၂.၄- ၆.၀ မီလီဂရမ်ကို ပုံမှန်လို့ သတ်မှတ်နိုင်ပါတယ်။ အမျိုးသားတွေကတော့ ယူရစ်အက်စစ် ၃.၄-၇.၀ မီလီဂရမ်ဆို ပုံမှန်ပါပဲ။ ယူရစ်အက်စစ် ၇ မီလီဂရမ်ထက် များသွားတဲ့အခါ ပုံဆောင်ခဲတွေ စတင်ဖြစ်လာပါတယ်။ ဒါက ဆီးကျောက်တည်တာနဲ့ ဂေါက်ရောဂါလို ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေပါတယ်။ သွေးအတွင်း ယူရစ်အက်စစ်များတာကို Hyperuricemia လို့ ခေါ်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ဆေးဝါးနဲ့ အလွယ်တကူထိန်းလို့ရတဲ့အပြင် လူနေမှုပုံစံကိုပြောင်းလဲခြင်းဖြင့်လည်း ကုသလို့ရပါတယ်။ ဒါကြောင့် သွေးအတွင်း ယူရစ်အက်စစ်ပမာဏကို ထိန်းဖို့အတွက် အကူအညီဖြစ်စေမယ့်အရာတချို့ကို ပြောပြပေးလိုက်ရပါတယ်။

ပျူရင်းဓာတ်ကြွယ်ဝတဲ့ အစားအစာကို လျော့ပါ

သင်ဟာ သွေးအတွင်း ယူရစ်အက်စစ်များတဲ့ ပြဿနာကို ရင်ဆိုင်ကြုံတွေ့ရတတ်တယ်ဆိုရင် ပျူရင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးတာကို ကန့်သတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ အတွင်းကလီစာ၊ ပင်လယ်စာ၊ သိုးသား၊ ပန်းမုံလာပွင့်၊ ပဲစိမ်းလုံးနဲ့ မှိုလို အစားစာတွေက ပျူရင်းဓာတ်ကြွယ်ဝတဲ့အတွက် ချင့်ချိန်စားသုံးပေးသင့်ပါတယ်။

သကြားဓာတ်များတဲ့ဖျော်ရည်နဲ့ အရက်ဘီယာတို့ကို ရှောင်ပါ

သကြားဓာတ်များတဲ့ ဖျော်ရည်တွေကလည်း သွေးအတွင်း ယူရစ်အက်စစ်ပမာဏများစေတယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ဖျော်ရည်တွေနဲ့ အရက်ဘီယာတွေက စားပွဲတင်သကြား၊ သကြားဓာတ်များတဲ့ပြောင်းဖူးရည် ပါဝင်ပါတယ်။ ဒီအရည်တွေကို အလွန်အကျွံသောက်သုံးတာက သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာကိုစားပါ

သင့်တစ်နေ့တာအစားအစာမှာ အမျှင်ဓာတ်ပါဝင်ပါစေ။ ရာသီစာသစ်သီး၊ ဟင်းသီးဟင်းရွက်တို့ကို ပိုပြီးစားပါ။ အမျှင်ဓာတ်က ယူရစ်အက်စစ်ကို ဖယ်ရှားဖို့အတွက် သင့်ခန္ဓာကိုယ်ကို အကူအညီပေးနိုင်ပြီး သွေးအတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကိုယ်အလေးချိန်ထိန်းပါ

အဝလွန်တာက သင့်ကျောက်ကပ်နဲ့ နှလုံးကို ဖိအားဖြစ်စေတဲ့အပြင် သွေးအတွင်း ယူရစ်အက်စစ်ပမာဏအတွက်လည်း တာဝန်ရှိပါတယ်။ ကိုယ်အလေးချိန်များရင် ခန္ဓာကိုယ်က ဒြပ်ပေါင်းတွေကို စစ်ထုတ်ဖို့ ကျောက်ကပ်အတွက် အခက်အခဲဖြစ်စေပြီး ယူရစ်အက်စစ်နဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ချေများပါတယ်။

ဗီတာမင်စီပမာဏ တိုးလာပါစေ

ဗီတာမင်စီကလည်း သွေးအတွင်း ယူရစ်အက်စစ်များတဲ့ပြဿနာကို ထိန်းညှိပေးနိုင်တယ်လို့ လေ့လာချက်တော်တော်များများက ဆိုထားပါတယ်။ သံပုရာရည်နဲ့ လိမ္မော်သီးလို အချဥ်ဓာတ်ပါတဲ့ အသီးဖျော်ရည်တွေကလည်း ဗီတာမင်စီဓာတ်ပါဝင်ပြီး ယူရစ်အက်စစ်ပမာဏကို ထိန်းဖို့အတွက် အကူအညီပေးနိုင်ပါတယ်။

အန်တီအောက်စီဒန့်ကြွယ်ဝတဲ့ အစားအစာကို စားပါ

အန်တီအောက်စီဒန့်ကြွယ်ဝတဲ့အသီးနဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဘယ်ရီသီးတွေက flavonoid ဓာတ်တွေ ပါဝင်တဲ့အတွက် နီမြန်းရောင်ရမ်းတာကို လျော့ချပေးတဲ့အပြင် ခန္ဓာကိုယ်အတွင်းက ယူရစ်အက်စစ်ပမာဏကို ထိန်းညှိဖို့အတွက်လည်း အကူအညီပေးနိုင်ပါတယ်။

Ref: 6 things that can help you manage uric acid level in the body

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top