အဖြူပေါ် အနက်တင် တစ်စက်ပင်ဖြစ်ငြား

yyl-018-9.jpg

(၁) ‘အဖြူပေါ် အနက်တင်တစ်စက်ပင်ဖြစ်ငြားအနက်က ထင်ရှား’တဲ့။ ကျွန်တော် ဆယ်တန်းအောင်ပြီးကာစ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုနီးပါးလောက်တုန်းက လစဉ်ထုတ်မဂ္ဂဇင်းတစ်ခုမှာ ဖတ်ခဲ့ရတဲ့ သုံးကြောင်းကဗျာလေးပါ။

အဲဒီတုန်းက အင်္ဂလိပ်စာလေ့လာသူများ ဆုံစည်းအားထား ရာဖြစ်ခဲ့တဲ့ Light မဂ္ဂဇင်းမှာ Pen Friends တွေဖွဲ့ပြီး ဝါသနာရှင် သူငယ်ချင်းတွေရဲ့ အတွေးအမြင်၊ ကဗျာ၊ လင်္ကာလေးတွေကို ဖော်ပြပေးတယ်။ ဒီကဗျာလေးဟာ Light မဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ ဝါသနာရှင်တစ်ဦးရဲ့ ရေးသားမှုဖြစ်ပြီး ကဗျာစာသားကို နှစ်ခြိုက်မိလို့ ဒီကနေ့အထိ မှတ်မိနေပေမယ့် ကလောင်ရှင်အမည်ကိုတော့ မမှတ်မိတော့ပါဘူး။ခေါင်းစဉ်လည်း တပ်မထားတဲ့ ဒီစာစုကဗျာလေးကို ‘အမှား’ လို့ပဲ အမည်တပ်ပြီး မှတ်ထားလိုက်မိတာပါ။

အဖြူရောင်ဆိုတာ အသန့်ကြိုက်တယ်၊ အစွန်းအထင်း၊ အပေအတေ မခံဘူး။ အဖြူရောင်ပေါ်မှာ အနက်ရောင်အစွန်းအ ထင်းလေး တစ်စက်လောက်ကျမိတာနဲ့တင် ညစ်နွမ်းမှုအထင်းသား နဲ့ အဖြူရောင်ရဲ့အလှတရားလေး ပျက်သွားတတ်တယ်ပေါ့။ အင်္ကျီအဖြူရောင်လှလှလေးပေါ်မှာ အစွန်းတစ်ကွက် စွန်း သွားခဲ့သလို၊ ဘာအရောင်မှဆိုးမထားတဲ့ အဖြူရောင်နှလုံးသား တစ်ခုပေါ် ညစ်နွမ်းမှုအမှောင်လေးတစ်ခု ကျရောက်သွားသလို ကျွန်တော်တို့ရဲ့ဘဝတွေမှာ အစွန်းအထင်း၊ အမှားအယွင်းတစ်ခုခု လုပ်မိလိုက်တာနဲ့ ဖျောက်ဖျက်မရအောင် စွဲထင်နေတတ်တာကို ပြောလိုရင်းပါပဲ။ အနည်းဆုံးတော့ ဒဏ်ရာအနာတစ်ခု ပျောက် သွားရင်တောင် အမာရွတ်လေး ကျန်နေခဲ့သလိုမျိုးများလား။

(၂)လောကမှာ အမှားနဲ့အမှန် နှစ်ခုရှိတဲ့ကြားက အမှားအ ကြောင်းပြောရင် လွဲချော်မှု၊ အပြစ်နဲ့ မလိုလားအပ်တဲ့ရလဒ်တစ်ခု ခုကို အမှားလို့ဆိုရမယ် ထင်ပါတယ်။ ‘ဆောရီး၊ ကျွန်တော် မှားသွားတယ်’ဆိုပြီး ပေါ့ပေါ့ပါးပါး ဝန်ခံလိုက်ရုံနဲ့ ပြေပျောက်သွားတဲ့ အသေးအဖွဲ အမှားလေးတွေက နေ နိုင်ငံတော်နဲ့ချီတဲ့ အမှားအယွင်း အကြီးကြီးတွေထိ လူ့အဖွဲ့ အစည်းအတွင်း ကြုံတွေ့နေရတဲ့အမှားတွေထဲမှာ မသိလို့ လုပ်မိ တဲ့အမှားတွေရှိသလို တချို့လည်း သိသိရက်နဲ့ မှားတတ်ကြတယ်။ တချို့ အမှားတွေက စေတနာမပါပေမယ့် တချို့ကျ စေတနာပါပါ စိတ်အားထက်သန်စွာ။ ပေးဆပ်မှုကြီးသလောက် ဆုံးရှုံးမှုလည်း ကြီးမားတဲ့အမှား၊ ခွင့်လွှတ်လို့ရတဲ့အမှား၊ ခွင့်လွှတ်လို့ မရတဲ့အမှား၊ သေရာပါ သံသရာထိအောင်လိုက်ပြီး လောင်မြိုက်မယ့်အမှား၊ ကျင့်ဝတ်ဆိုင်ရာအမှား၊ ဥပဒေချိုးဖောက်မှုဆိုင်ရာ အမှား …စတဲ့စတဲ့ အမှားအယွင်း အစွန်းအထင်းတွေနဲ့အတူ အဲဒီအမှားရဲ့ မှားယွင်းမှုဒီဂရီ၊ ကျူးလွန်ဖောက်ဖျက်မှု၊ အကျိုးသက်ရောက်မှုတွေလည်း မတူညီတတ်ကြပါဘူး။

ဒဏ်ရာ ပျောက်သွားရင်တောင် အမာရွတ်လေး ကျန်နေ တတ်သလို မဖြစ်အောင် လူ့ဘဝထဲ အမှားအယွင်းကင်းကင်း နေထိုင်ရှင်သန်သွားဖို့ ကျွန်တော်တို့တွေ ပြောကြတယ်။ ဒါပေမဲ့ ဘဝမှာ အမှားတွေမလုပ်မိဖို့ ပြောဆိုကြတဲ့အခါတိုင်း ပဲ့တင်သံအ နေနဲ့ ပြန်ကြားရတတ်တာဟာ ‘လူမှန်သမျှ ဘယ်သူမှ အမှား မကင်းကြဘူး’ဆိုတဲ့စကားသံဖြစ်နေပါတယ်။

(၃)`No man is perfect.´ ဆိုသလို လူတိုင်းလူတိုင်း ကိုယ်စီကိုယ်စီ အားနည်းချက်နဲ့ အမှားမကင်းတာလေးတွေ ရှိတတ်ကြတာ အမှန်ပါပဲ။ ‘မှားတတ်တာ လူ့သဘာဝ’ဆိုတဲ့စကားဟာလည်း မကြာခဏဆိုသလို ကြားနေကျပါ။ ဒီနေရာမှာ အလေးအနက်ထား ဆင်ခြင်သင့်တာက ကိုယ် ကျူးလွန်မိလိုက်တဲ့ အမှားတစ်ခုရဲ့ နောက်ဆက်တွဲဆိုးကျိုးဟာ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအပေါ်မှာ ဘယ်လောက်ထိ ရိုက်ခတ်နစ်နာမှုရှိမလဲဆိုတဲ့အချက် ဖြစ်ပါတယ်။

အိမ်စာ ပုစ္ဆာတစ်ပုဒ် လွဲပြီး တွက်ထားတဲ့ ကလေးငယ်တစ် ယောက်ရဲ့အမှားနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်မိတဲ့ ဖခင်တစ်ယောက်ရဲ့အမှား မိသားစုတစ်ခုအပေါ် ရိုက်ခတ်မှုချင်း မတူပါဘူး။ ဒီလိုပဲ သာမန်ပြည်သူတစ်ယောက်ရဲ့ ဆုံးဖြတ် ချက်မှားယွင်းမှုနဲ့ ဝန်ကြီးချုပ်တစ်ယောက်ရဲ့ စီမံခန့်ခွဲမှုအလွဲဟာ လည်း တိုင်းပြည်အပေါ် သက်ရောက်မှုချင်း မတူနိုင်ဘူးဆိုတာ သိသာပါတယ်။

ဒါကြောင့်လည်း လူဟာ အမှားသေးသေးလေးတွေ အများကြီး မှားချင်မှားပါစေဦး၊ အမှားအကြီးကြီးတော့ အတတ်နိုင်ဆုံး မမှားအောင်နေပါလို့ သတိပေးကြတာပါ။ တစ်နည်းအားဖြင့် ခွင့်လွှတ်လို့ ရတဲ့အမှားလေးတွေ မှားယွင်းမိရင်တောင် ခွင့်လွှတ်လို့ မရနိုင်တဲ့ အမှားကြီးတွေ မလုပ်မိအောင် သတိဆောင် ဆင်ခြင်ဖို့ပါပဲ။ ‘မှားတတ်တာ လူ့သဘာဝ’စကားအတိုင်း လူတိုင်း ခြောက်ပြစ်ကင်း သဲလည်းစင်ဆိုတာချည်း မဖြစ်နိုင်တာ မှန်ပေမယ့် ‘အမှားနည်းတာ လူ့အရည်အချင်း’ဆိုတာကိုလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။

(၄)တစ်ခါတရံမှာလည်း နိုင်ငံတစ်ခုနဲ့တစ်ခု၊ လူမျိုးစုတစ်ခုနဲ့တစ်ခု မတူညီတဲ့ ဓလေ့စရိုက်တွေကြားမှာ လူ့အဖွဲ့အစည်းတစ် ခုအတွက် သိပ်အရေးမကြီးတဲ့လုပ်ရပ်လေးတစ်ခုဟာ တခြား အဖွဲ့အစည်းအတွက် လူ့ဂုဏ်သိက္ခာနဲ့ဆိုင်တဲ့ မှားယွင်းမှုတစ်ခု ဖြစ်နေနိုင်ပါသေးတယ်။’မှားယွင်းမှုအဓိပ္ပာယ်’တွေ လိုက်လံရှာဖွေရင်း ကျွန်တော် ဆက်တွေးဖြစ်တာက ဗုဒ္ဓအဆုံးအမ တရားတော်မှာ တွေ့ရတဲ့ မကောင်းမှု အမှားတွေအကြောင်းပါ။ကုသိုလ်နဲ့ အကုသိုလ်၊ ကောင်းမှုနဲ့ မကောင်းမှုကို နှိုင်းယှဉ် ဖော်ပြ၊ ဆိုဆုံးမထားတဲ့ ဗုဒ္ဓဒေသနာအရ ‘အမှား’ဆိုတာ ‘မကောင်းတဲ့ အကုသိုလ်အလုပ်’တွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ကိုယ်လုပ်ပြီးတဲ့အချိန်မှာ ပူပန်နေရတဲ့အလုပ်ဟာ မကောင်း မှုပဲဖြစ်ပြီး ‘ငါတော့ ဒီအလုပ်ကို လုပ်မိလိုက်တာ မှားလေခြင်း ရယ်’လို့ စိတ်ပူပန်ရတဲ့အတွက် အကုသိုလ်အလုပ်ကို အမှားလို့ ဆိုလိုက်ရတာပါ။

လောကလူသားများအနေနဲ့ သံသရာမှာအမှားတစ်ခုလုပ်မိပြီ ဆိုရင် အဲဒီအမှားက ပုံဖော် တွန်းပို့ပေးလိုက်တဲ့ အကျိုးဆက်ဟာ အင်မတန်ဆိုးဝါးလှကြောင်းကို ကျေးဇူးတော်ရှင် ပါမောက္ခ ချုပ်ဆရာတော်ကြီးက ‘သံသရာခရီးသွား အမှား မလုပ်မိစေနှင့်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောကြား သတိပေးထားတာ ရှိပါတယ်။ ဖော်ပြပါ တရားတော်မှာ လောကလူသားတွေ အမှားလုပ် မိစေတဲ့အကြောင်းရင်းကိုလည်း ဆရာတော်ကြီးက မိန့်ကြားထား ပါတယ်။လူတွေဟာ ဆန္ဒာဂတိ-ချစ်ခြင်းကြောင့် ဘက်လိုက်ပြီး အမှားလုပ်မိတတ်သလို မုန်းခြင်းဆိုတဲ့ ဒေါသာဂတိကြောင့်လည်း အမှားလုပ်တတ်ကြပါတယ်။ မောဟာဂတိလို့ ခေါ်တဲ့ အမှန်ကို မသိမှု၊ တွေဝေမှုကြောင့် မှားမှားယွင်းယွင်းတွေ လုပ်မိတတ်သလို ဘယာဂတိလို့ဆိုတဲ့ ကြောက်ရွံ့ခြင်းကြောင့်လည်း အမှားတွေ ဖြစ်စေတတ်ကြောင်း သတိပေး ဆုံးမထားတာပါ။ ဒါ့အပြင် အမှားတစ်ခု၊ အကုသိုလ်တစ်ခု လုပ်မိတဲ့အတွက် သံသရာမှာ ပြန်လည်ပေးအပ်၊ ဝဋ်ကြွေးဆပ်ရတဲ့ ဘဝဇာတ် ကြောင်းတွေကို ဘုရားဟောဒေသနာ ဝတ္ထုသာဓကများနဲ့အညီ ပါမောက္ခချုပ်ဆရာတော်ကြီးက ထုတ်နုတ်ဟောကြားထားတာ ကလည်း သတိ၊ သံဝေဂ ရစရာကောင်းလှပါတယ်။

(၅)ဆေးဖိုးဝါးခ မပေးချင်လို့ မျက်စိရောဂါ မသက်သာဘူး လိမ်ပြောတဲ့ အမျိုးသမီးကို ဆေးဆရာဘဝတုန်းက မျက်စိကန်း အောင်လုပ်ခဲ့လို့ ရဟန္တာဘဝအထိ မျက်စိကန်းခဲ့ရတဲ့ ရှင်စက္ခုပါလ၊ ဘဝတစ်ခုမှာ ပစ္စေကဗုဒ္ဓါ နိရောဓ သမာပတ်ဝင်စားနေရာ ချုံပုတ်ကို မီးနဲ့ရှို့ခဲ့မိတဲ့အမှားကြောင့် မိဖုရားဘဝမှာ အခြံအရံ ၅ဝဝ နဲ့အတူ မာဂဏ္ဍီမိဖုရားကြီးရဲ့ မီးလောင်တိုက်သွင်းမှုခံခဲ့ရတဲ့ သာမာဝတီမိဖုရား၊ ပစ္စေကဗုဒ္ဓါတစ်ပါးကို ရယ်စရာအဖြစ် ခါးကုန်းပုံစံ လှောင်ပြောင်ပြီး မှားခဲ့မိလို့ ဖြစ်လေရာ ဘဝ ဘဝ တွေမှာ ခါးကုန်းရလေတဲ့ ခုဇ္ဇုတ္တရာ၊ စိတ်တိုနေချိန်မှာ အိမ် ကြွလာတဲ့ ရဟန္တာကို ‘ကိုယ်တော်တို့ဘုရားကို ရေထဲသာမျှော ပစ်လိုက်’လို့ ပြောဆိုပြစ်မှားမိတာကြောင့် သူဌေးသမီးဗိုက်ထဲ ရောက်တာတောင် မွေးပြီးတာနဲ့ ရေထဲအမျှောခံခဲ့ရတဲ့ ဇဋိလသူ ဌေးသားတို့ရဲ့ အဖြစ်တွေဟာ တကယ့်ကို သံဝေဂရစရာပါပဲ။

ရဟန္တာဖြစ်တဲ့နေ့မှာ မျက်စိကွယ်ခဲ့ရတဲ့ စက္ခုပါလမထေရ် ရဲ့အတိတ်ဖြစ်စဉ်ကိုကြည့်ရင် ဆေးဆရာဘဝမှာ အရင်ဆုံး သူကစပြီး တစ်ဘက်သားအပေါ် မတော်မတရား အမှားလုပ်တာ မဟုတ်ပါဘူး။ မျက်စိရောဂါဖြစ်နေတဲ့ အမျိုးသမီးက သူ့ရော ဂါသာပျောက်မယ်ဆိုရင် ရှိသမျှပစ္စည်း အကုန်ပေးနိုင်တယ်လို့ စပြောတယ်၊ ဆေးဆရာက ကုလို့ မျက်စိဝေဒနာပျောက်တော့ ဆေးဖိုးပေးရမှာကြောက်ပြီး မသက်သာတဲ့အပြင် ပိုတောင်ဆိုး လာသေးတယ်လို့ လိမ်ပြောတယ်။ အဲဒါကြောင့် ဒေါသထွက်ပြီး ‘မသက်သာရင် ဒီမျက်စဉ်းလေး ပြောင်းခတ်’ဆိုပြီး မျက်စိကန်း တဲ့ဆေးကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။

တစ်ခါတရံ တစ်ဘက်လူက မတရားမှု အမှားတစ်ခုခုလုပ် လာခဲ့ရင် မခံချင်စိတ်၊ မကျေနပ်မှု ဒေါသအလျောက် ကိုယ့်ဘက်က အမှားတစ်ခုနဲ့ ပြန်ပြီး တုံ့ပြန်တတ်ပါတယ်။ ဒါပေမဲ့ သူ့ဘက်က မှားလို့ ကိုယ့်ဘက်က လိုက်မှားတယ်ဆိုရင်လည်း အဲဒီအမှားနဲ့ဆက်စပ်တဲ့ အကျိုးဆက်၊ အပြစ်ကတော့ နေမှာမ ဟုတ်ပါဘူး။ သူ့အမှားကို ကိုယ့်အမှားနဲ့ တုံ့ပြန်တာ အဖြေမှန် မဟုတ်သလို အမှားတစ်ခုနဲ့ အမှားတစ်ခု ပေါင်းလိုက်တာနဲ့ အမှန်တစ်ခုဖြစ်မလာဘူးဆိုတာ သတိထားကြဖို့ပါ။
ဇဋိလသူဌေး ကျူးလွန်ခဲ့သလိုမျိုး တချို့အမှားတွေဟာ ကာယကံမြောက်မဟုတ်သည့်တိုင် ဝစီကံနဲ့ ကျူးလွန်စော်ကား မိရင်လည်း ကြီးလေးတဲ့အပြစ်ဒဏ် ခံရတယ်ဆိုတာ သတိပြုသင့် ပါတယ်။

(၆)’သံသရာခရီးသွား အမှား မလုပ်မိစေနဲ့’ ဆုံးမစကားအတိုင်း လောကလူသားတွေ တတ်နိုင်သမျှ အမှားကင်း၊ အမှားနည်းအောင် ဆင်ခြင်၊ ကျင့်ဆောင်နိုင်ဖို့အရေး နောက်ဆုံးတစ်ချက်အနေနဲ့ တင်ပြချင်တာကတော့ တစ်ခါတရံ အပြစ်ဒဏ်ထက် အပြစ်သံတွေက ပိုပြီး ကြောက်စရာကောင်းနေတတ်တဲ့
လူမှုလောကအကြောင်းပါ။

ဇာတ်လမ်းလေးတစ်ပုဒ် ရှိတယ်။ တစ်ခါတုန်းက ထောင်ကနေထွက်လာတဲ့ သူခိုးတစ်ယောက်ဟာ အမှားမြင်လို့ အမှန်ပြင်ဆင်ပြီး လက်ကျန်ဘဝကို ကောင်း ကောင်းမွန်မွန် ဖြတ်သန်းရှင်သန်သွားဖို့ ဆုံးဖြတ်ထားပါသတဲ့။ တစ်နေ့မှာတော့ ရေနစ်နေတဲ့ ကလေးတစ်ယောက်ရဲ့အသက်ကို စွန့်စွန့်စားစားနဲ့ သူ ကယ်တင်လိုက်တယ်။နောက်တစ်နေ့ကျတော့ တာဝန်ရှိလူကြီးမင်းတွေ သူ့နောက်ကို လိုက်လာပါပြီး မေးလိုက်ပါတယ်။’မနေ့က ရေနစ်တဲ့ကလေးကို ကယ်ခဲ့တာ မင်းလား’။ ‘ဟုတ်ပါတယ်’ဆိုတဲ့စကားနဲ့ ဝမ်းသာအားရစွာ သူ ပြန်ဖြေ လိုက်ပေမယ့် တစ်ဘက်လူကြီးတွေဆီက ထပ်ထွက်လာတဲ့စကား တစ်ခွန်းကတော့ သူ့ကို ရင်ကွဲပက်လက်ဖြစ်သွားစေခဲ့ပါတယ်။

‘မင်း …၊ ကလေးရဲ့ ဦးထုပ်ကို ပြန်ပေးပါ’တဲ့လေ။ ဘဝမှာ အမှားတစ်ခု လုပ်ခဲ့ဖူးတာနဲ့ပဲ အဲဒီလူကို အမြဲတမ်း လူဆိုးလို့ ထင်မြင်ပြစ်တင်တဲ့ လူတွေ ရှိတတ်တာဟာလည်း ကြေကွဲစရာ။ဒီလိုပြောလိုက်လို့ တစ်ခါမှားပြီးတာနဲ့ တစ်သက်လုံး ဆက် မှားနေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မတော်တဆ အမှား တစ်ခု ကျူးလွန်မိသွားတယ်ဆိုရင်လည်း ကိုယ့်အမှားကို သတ္တိရှိရှိ တာဝန်ယူ၊ ဝန်ခံရင်းနဲ့ပဲ မှားပြီးသားအမှားတွေ ထပ်မမှားအောင် ပြင်ဆင်သွားဖို့ အရေးကြီးပါတယ်။
ဒါကြောင့်လည်း ‘လူလိမ္မာတွေဟာ တစ်ပါးသူရဲ့ အမှားကနေ သင်ခန်းစာ ယူတတ်ကြတယ်။ လူမိုက်တွေက ကိုယ်တိုင်မှားမှ သင်ခန်းစာ ရကြတယ်။ ပိုပြီး မိုက်မဲသူတွေကတော့ ကိုယ်တိုင် မှားပါလျက်နဲ့ သင်ခန်းစာ မယူတတ်ကြဘူး’လို့ ဆရာကြီး ဦးအောင်သင်းက ပြောခဲ့ဖူးတာပါ။ ‘အဖြူပေါ် အနက်တင် တစ်စက်ပင်ဖြစ်ငြား အနက်က ထင်ရှား’ဆိုတဲ့ သတိပေးစကားလေးအတိုင်း အမှားအယွင်း ကင်းကင်း၊ အစွန်းအထင်းနည်းနည်းနဲ့ ကျွန်တော်တို့တွေရဲ့ ဘဝကို လိပ်ပြာလုံစွာ ဖြတ်သန်းနိုင်ကြဖို့ပါပဲ။

မိုးအောင်လင်းနိုင်  (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top