ဖူလုံတဲ့လစာရရှိဖို့ အလုပ်သမား ၅၀၀၀ ကျော် ဆန္ဒထုတ်ဖော်

19012010.jpg

အခုနှစ်မှာ အသစ်ထုတ်ပြန်ရမယ့် အနည်းဆုံးအခကြေးငွေနှုန်းထားဟာ အလုပ်သမားတွေအတွက် ဖူလုံတဲ့လစာနှုန်းထားဖြစ်ဖို့အရေးကို အဓိကထားတောင်းဆိုတဲ့အနေနဲ့ အထည်ချုပ်စက်ရုံလုပ်သား ၅၀၀၀ ကျော် က လှိုင်သာယာမြို့နယ်အတွင်း စီတန်းလှည့်လည် လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။အခုလို ဆန္ဒထုတ်ဖော်ရာမှာ ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၈ နာရီခွဲကစပြီး ရုံးရှေ့မှတ်တိုင်အနီး အောင်မြေ သာယာဘောလုံးကွင်းကနေ ညောင်တုန်းလမ်း၊ ညောင်တုန်းလမ်းကနေ ပီမိုးနင်းလမ်း၊ ပီမိုးနင်းလမ်းကနေ ပုသိမ်လမ်း၊ ပုသိမ်လမ်းကနေ ဘောလုံးကွင်းအထိ စီတန်းလှည့်လည်လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။

”လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံ ၂၀ ကျော်က အလုပ်သမား ၅၀၀၀ ကျော်စုပြီး ဆန္ဒ ထုတ်ဖော်တာ ဖြစ်ပါတယ်။ ဘယ်သမဂ္ဂ၊ ဘယ်အဖွဲ့အစည်းမှ မပါဝင်ပါဘူး”လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့တဲ့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ မမိုးစန္ဒာမြင့်က ပြောပါတယ်။ဆန္ဒထုတ်ဖော်စီတန်းလှည့်လည်ရာမှာ ခေတ်ကာလနဲ့အညီ ဖူလုံသောလုပ်ခလစာ ရရှိရေး၊ ၂၀၂၀ မေလမှာ လုပ်ခလစာနှုန်းထားအသစ် သတ်မှတ်ပေးရေး၊ စားဝတ်နေရေးစရိတ်မြင့်မားမှုများအား အစိုးရမှ ထိန်းချုပ်ပေးရေး စတဲ့ အချက် ၃ ချက်ကိုလည်း ကြွေးကြော်ခဲ့ ကြပါတယ်။

”’ကုန်ဈေးနှုန်းတွေက တက်နေပါတယ်။ (အနည်းဆုံးအခကြေးငွေ) ၄၈၀၀ လို့ သတ်မှတ်ခဲ့တဲ့ အချိန် တုန်းက အဆောင်လစာဟာ ၃၅၀၀၀ ပဲ ရှိပါတယ်။ အခု ၇၀၀၀၀ ကျော် ဖြစ်နေပြီ။ ဒါကြောင့် အလုပ်သမားတွေမှာ စားဝတ်နေရေးအတွက် အဆင်မပြေကြပါဘူး”လို့ MIANYI အထည်ချုပ်စက်ရုံမှ မမာလာက ပြောပါတယ်။ ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေ တစ်ရက်အတွက် ၄၈၀၀ ကျပ်ဟာ ပြောင်းလဲ လိုက်တဲ့ မီတာခမြင့်တက်မှု၊ တရှိန်ထိုးတက်နေတဲ့ အိမ်ငှားခ၊ အဆောင်ငှားခနဲ့ လူနေမှုစရိတ် ခေါင်ခိုက်လာမှု တွေကြောင့် ဖူလုံမှုမရှိတော့ဘူးလို့ ဆန္ဒထုတ်ဖော်ပွဲထုတ်ပြန်ချက်မှာ ထည့်သွင်းရေးဖွဲ့ထားပါတယ်။

”အထည်ချုပ်စက်ရုံ ၂၀ ကျော်က အလုပ်သမားတွေ စုပေါင်းပြီးတွက်ချက်ထားတာ ရှိပါတယ်။ အဆောင် လခ၊ မီတာခ၊ ထမင်းစရိတ်၊ လမ်းခရီးစရိတ် စတဲ့အချက်တွေအပေါ် အခြေခံပြီးတွက်ထားတာပါ။ အဲဒီနှုန်းထားဟာ ၉၈၀၀ ကျပ်ဖြစ်ပါတယ်”လို့ JABP JIAWEI အထည်ချုပ်စက်ရုံမှ မအေးအေးသန့်က ပြောပါတယ်။ အနည်းဆုံးအခကြေးငွေဥပဒေမှာ အနည်းဆုံးအခကြေးငွေနှုန်းထားကို နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမည်လို့ ပါရှိပါတယ်။ အဲဒီဥပဒေအရ ၂၀၂၀ မေလမှာ အစိုးရကနေ အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ်ကို ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အထည်ချုပ်စက်ရုံလုပ်သားတွေဟာ အချိန်ပိုဆင်းကြေးပါရင် တစ်လကို လစာ ၂၈၀၀၀၀ ခန့် ရရှိနေတာဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top