နေ့တိုင်း ၁၂ နာရီကြာ ကားစီးပြီး ဆေးရုံတက်နေရတဲ့ ဇနီးဖြစ်သူဆီ သွားလည်ရတဲ့ အဘိုးအို

love.jpg

အသက် ၈၂ နှစ်အရွယ် ချန် အာချုံ ဆိုတဲ့ အဘိုးက သူ့ရဲ့ဆေးရုံတက်နေရတဲ့ ဇနီးဆီ သွားလည်ဖို့ တစ်နေ့ကို ၁၂ နာရီကြာအောင် ကားစီးရတယ်။ ဇနီးဖြစ်သူ ရွှီက လေဖြတ်ပြီးနောက် ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါကို ခံစားခဲ့ရပြီး ကျန်းကျန်းပြည်နယ်၊ နင်ဘိုမြို့ရှိ ဆေးရုံတစ်ခုရဲ့ အထူးကြပ်မက်ကုသဆောင်မှာ ကုသမှုခံယူနေရလို့ အဘိုးချန်က ပြုစုစောင့်ရှောက်နေရတာပါ။

အဘွားရွှီက ၂၀၂၅ ခုနှစ်မှာ ဖျားနာခဲ့တာပါ။ သူတို့လက်ထပ်ခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ အဘိုးချန်က ရက်ပေါင်း ၁၀၅ ကျော်အထိ အများသုံးယာဉ်နဲ့ ဆေးရုံမသွားခင် ဇနီးဖြစ်သူအတွက် မနက်တိုင်း ၄ နာရီခွဲထပြီး အစားအစာချက်ပြုတ်ရပါတယ်။ ဆေးရုံကို ရောက်တာနဲ့ အထူးကြပ်မက်ဆောင်မှာ ဇနီးဖြစ်သူကို မနက် ၁၀ နာရီခွဲကနေ မနက် ၁၁ နာရီအထိ နာရီဝက်ပဲ တွေ့ရပါတယ်။ အိမ်ကို မပြန်ခင် နေ့ခင်းအထိ ဆေးရုံစင်္ကြံလမ်းမှာ နေပါတယ်။

အဘိုးချန်က သူ့အိမ်နဲ့ ဆေးရုံကြား ခရီးထွက်တာ နေ့တိုင်း ၁၂ နာရီကြာ အချိန်ယူခဲ့ရတာပါ။ ဆေးကုသစရိတ်အတွက် သူ့ရဲ့စုဆောင်းငွေ ယွမ် ၁၀၀၀၀၀ ကျော်သုံးခဲ့ရပါတယ်။ အလုပ်ကြောင့် သိပ်မလာနိုင်တဲ့ သူတို့ရဲ့သားကလည်း ဆေးကုစရိတ်အတွက် အိမ်ရောင်းပြီး ထောက်ပံ့ပေးခဲ့ပါတယ်။

အဘိုးချန်ရဲ့ဇနီးအပေါ်ထားရှိတဲ့ချစ်ခြင်းမေတ္တာကြောင့် ဆေးရုံက လူနာတွေ့ချိန်တိုးပေးခဲ့သလို ငွေကြေးလှူဒါန်းပေးမှုတွေလည်းရခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ လှူဒါန်းခဲ့တာက ယွမ် ၁၄၀၀၀၀ ကျော်ရှိပါတယ်။ အဘိုးချန်အတွက် အများသုံးယာဉ်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေကလည်း ယာဉ်စီးခ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

အဘိုးချန်က အဘွားရွှီဆီ လာတဲ့အချိန်အတွင်း စကားပြောပေးတယ်။ မျက်နှာကို သုတ်ပေးတာ၊ စောင်သေချာခြုံပေးတာတွေလုပ်ပေးပြီးတော့ ဂရုစိုက်ပေးပါတယ်။

မတ်လ ၁၃ ရက်နေ့ကတော့ အဘွားရွှီက ဆေးရုံကနေ အိမ်ကို အဘိုးချန်ပြန်တော့မယ့်အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဘိုးချန်က “ကျွန်တော့်နှလုံးသား ကွဲအက်သွားသလို ခံစားရတယ်။ အရမ်းနာကျင်ရတယ်။ ဒါပေမဲ့ ဘာမှထပ်လုပ်လို့မရတော့ဘူး။ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးဇနီးပါ”တဲ့။

အဘိုးချန်က သူ့ကို ပံ့ပိုးအားပေးခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ထားပါတယ်။ သူတို့ရဲ့ကြင်နာတရားအတွက် ပြန်ပေးဆပ်ဖို့ ရည်ရွယ်ထားပါတယ်။

Ref: Chinese farmer, 82, wakes up at 4.30am, travels 12 hours every day for 105 days to visit wife in hospital

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top