မိသားစုဆီက လွှတ်မြောက်ချင်လို့ လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက လေဆိပ်မှာ နေထိုင်ခဲ့တဲ့ အမျိုးသား

29-2-2022-yyl07.jpg

လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက အသက် ၆၀ အရွယ် တရုတ်အမျိုးသား ဝေကျင့်ကော်(Wei Jainguo) ဟာ Beijin Capital International Airport မှာပဲ နေထိုင်ခဲ့ပြီး ဘယ်တော့မှ အိမ်မပြန်ခဲ့ဘူး။ သူ ဘာလို့ လေဆိပ်မှာ နေထိုင်ပြီး အိမ်မပြန်တာလဲ။ သူက သူ့ရဲ့မိသားစုရဲ့အနှောင့်အယှက်မပါဘဲ ဆေးလိပ်နဲ့ အရက်သောက်ချင်တာကြောင့်လို့ ဆိုပါတယ်။

တချို့လူတွေကတော့ မိသားစုမပါဘဲ လွတ်လပ်မှုအရသာကို ခံစားချင်တဲ့အတွက် လေဆိပ်ကို ခဏ အပန်းဖြေဖို့လာပြီး နောက်ဆုံးကျ အိမ်ပြန်ကြတာပါ။ ဒါပေမဲ့ ဝေကျင့်ကတော့ အိမ်ပြန်ဖို့ စိတ်ကူးမရှိခဲ့ဘဲ လေဆိပ်ရဲ့ Terminal 2 မှာ အခြေချ နေထိုင်နေခဲ့ပါတယ်။ တစ်ခါတလေတော့ Terminal 3 ဘက်ကို သွားလေ့ရှိပါတယ်။ ဝေကျင့်က လေဆိပ်အပြင် ထွက်ရတာ မကြိုက်ဘူး။ တစ်ခုခုဝယ်စရာရှိရင်ပဲ အပြင်ထွက်ဖြစ်ပါတယ်။

“ကျွန်တော် အိမ်ကို မပြန်ဘူး။ အဲဒီမှာ လွတ်လပ်မှုမရှိဘူး။ ကျွန်တော် အိမ်မှာ နေချင်ရင် ဆေးလိပ်ဖြတ်ရမယ်။ အရက်သောက်တာဖြတ်ရမယ်လို့ ကျွန်တော့်မိသားစုက ပြောခဲ့တယ်။ အဲဒီလိုမလုပ်နိုင်ရင် သူတို့ကို လစဉ် အစိုးရထောက်ပံ့ကြေး ယွမ် ၁၀၀၀ ပေးရမယ်။ ဒါပေမဲ့ အဲဒီလို ပေးလိုက်ရင် ကျွန်တော် ဆေးလိပ်နဲ့ အရက် ဘယ်လိုဝယ်လို့ရပါ့မလဲ” လို့ ဝေကျင့်က China Daily ကို ပြောပါတယ်။

ဝေကျင့်က အသက် ၄၀ မှာ အလုပ်ပြုတ်သွားပြီး အသက်ကြီးတဲ့အတွက် အလုပ်သစ်ရဖို့လည်း ခက်ခဲခဲ့တာကြောင့် အလုပ်ထပ်မရှာဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ လေဆိပ်က ရဲနဲ့လုံခြုံရေးတွေဟာ ဝေကျင့်ကို မကြာခဏ မောင်းထုတ်လေ့ရှိပြီး သူ့အိမ်ကို ပြန်လိုက်ပို့ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ သူက အမြဲတမ်း လေဆိပ်ကို ပြန်သွားလို့ရမယ့်လမ်းကိုပဲ ရှာနေခဲ့တာပါ။ လေဆိပ်နဲ့သူ့အိမ်က ၁၂ မိုင် ကွာဝေးပါတယ်။ “ကျွန်တော် နှင်ထုတ်ခံရတယ်။ ဟိုတုန်းကလိုပဲ ကျွန်တော် ပြန်လာတယ်။ အနည်းဆုံးတော့ လေဆိပ်မှာ ကျွန်တော့်ရဲ့လွတ်လပ်မှုရှိတယ်” လို့ ဝေကျောင့်က ဆိုပါတယ်။

လေဆိပ်မှာ ဝေကျင့် နေထိုင်တာက အခြားသူနဲ့ယှဉ်ရင် နှစ်အကြာဆုံးလို့ပြောလို့မရပါဘူး။ တူရကီလူမျိုး ဘေရမ် တီပယ်လီ (Bayram Tepeli) ဆိုသူဆိုရင် ဝေကျောင့်လို အကြောင်းပြချက်မျိုးနဲ့ပဲ ၁၉၉၁ခုနှစ်ကတည်းက Ataturk Airport မှာ နေထိုင်ခဲ့ပြီး ၂၀၁၉ခုနှစ်က လေဆိပ်မပိတ်သိမ်းခင်အထိ အဲဒီမှာ ၂၇ နှစ်ကြာ နေထိုင်ခဲ့ပါတယ်။ အခုတော့ Sabiha Gokcen Airport မှာ နေထိုင်နေပါတယ်။

Ref: Ladbible “Man Who Wanted To Escape Family Has Lived In Airport For 14 Years”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top