တာဝန်ထက် လူသားချင်းစာနာစိတ်ကို ရှေ့တန်းတင်ပြီး ဂျူး ၆၀၀၀ ကျော်ရဲ့ အသက်ကိုကယ်တင်ပေးခဲ့တဲ့ ဂျပန်သံတမန်

image-5.png

ဒုတိယကမ္ဘာစစ်အတွင်း လစ်သူယေးနီးယားနိုင်ငံမှာ တာဝန်ကျနေတဲ့ ဂျပန်ကောင်စစ်ဝန် ချန်နဲဆူဂီဟာရာ (Chiune Sugihara)ဟာ အစိုးရအမိန့်ကို ဖီဆန်ပြီး ဂျူးဒုက္ခသည် ထောင်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပါတယ်။

နာဇီတွေ လက်ထဲကနေ လွတ်မြောက်ဖို့အတွက် ဂျူးတွေဟာ (ဂျပန်ပိုင်နက်တွေကို ဖြတ်သန်းသွားလာခွင့်ဗီဇာ (Visa)) လိုအပ်နေချိန်မှာ ဂျပန်အစိုးရက ဗီဇာထုတ်ပေးဖို့  ငြင်းဆန်ခဲ့ပါတယ်။ ဆူဂီဟာရာက ၃ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပေမဲ့ ဂျပန်အစိုးရက ငြင်းဆန်ခဲ့ပြီးနောက်မှာတော့ သူက အမိန့်ထက် လူသားချင်းစာနာမှုကိုပဲ ရှေ့တန်းတင်ခဲ့ပါတယ်။ ဒါဟာ သူ့အလုပ်ကိုရော၊ မိသားစုဘဝကိုပါ ထိခိုက်နိုင်တယ်ဆိုတာ ဆူဂီဟာရာ သိပါတယ်။

ဒါပေမဲ့ သူတာဝန်ကျရာ လစ်သူယေးနီးယားရှိ ဂျပန်သံရုံးရှေ့မှာ နာဇီတွေရဲ့ရန်ကနေ ထွက်ပြေးလာတဲ့ ဂျူးဒုက္ခသည် ရာနဲ့ချီပြီး နေ့ညမပြတ် စောင့်ဆိုင်းနေကြပြီး သူတို့ရဲ့ မျှော်လင့်ချက်မဲ့နေတဲ့ မျက်နှာတွေကို မကြည့်ရက်နိုင်တာကြောင့် ဆူဂီဟာရာက အစိုးရအမိန့်ကို ဖီဆန်ခဲ့တာပါ။ သူဟာ တနေ့ကို ၁၈ နာရီနီးပါး ဗီဇာတွေကို လက်နဲ့ရေးပြီး ထုတ်ပေးခဲ့သလို ရထားဘူတာကနေ ထွက်ခွာသွားရမယ့် နောက်ဆုံးမိနစ်အထိ ဗီဇာတွေကို ရေးပြီး ပြတင်းပေါက်ကနေ ပစ်ပေးခဲ့ပါသေးတယ်။

ဒီလိုစွန့်စားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရာမှာ သူ့ရဲ့ဇနီး ယူကီကိုကလည်း အလုပ်ပြုတ်နိုင်မှန်း သိလျက်နဲ့ “ဂျူးဒုက္ခသည်တွေကို ကယ်တင်ပေးပါ” လို့ တိုက်တွန်းခဲ့တာကြောင့် ဆူဂီဟာရာရဲ့ ဆုံးဖြတ်ချက် ပိုမိုခိုင်မာသွားခဲ့တာပါ။

ဆူဂီဟာရာ ကယ်တင်ခဲ့တဲ့ ဂျူးဒုက္ခသည် ၆,၀၀၀ ကျော် ရှိခဲ့ပြီး အဲဒီလူတွေရဲ့ မျိုးဆက်ပေါင်း ၄၀,၀၀၀ ကျော်ဟာ ဒီနေ့ခေတ်အထိ ရှင်သန်နေကြပါတယ်။ အစ္စရေးနိုင်ငံ ဂျေရုစလမ်မြို့နဲ့ တဲလ်အဗစ်မြို့တွေမှာ ဆူဂီဟာရာကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့အမည် ပေးထားတဲ့ လမ်းတွေ ရှိပါတယ်။

Ref: Chiune Sugihara

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top