ကလောင်ရှင် မင်းထက်မြိုင်ရဲ့ “သင်ဦးချ၍ အမျှဝေရာ” အမည်ရ စာပေဗိမာန် ဝတ္တုတိုပေါင်းချုပ် ဒုတိယဆုရဝတ္တုတို ရသစာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခုတစ်ပတ်ဖော်ပြပေးလိုက်တာက ဝတ္တုရဲ့အပိုင်း (၂) ဖြစ်ပြီး ကျန်ရှိတဲ့အပိုင်းတွေကို အပတ်စဉ် ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ ဖတ်ရှုခံစားကြည့်လိုက်ပါဦး…။
သင်ဦးချ၍ အမျှဝေရာ (အပိုင်း ၂)
‘‘ဟဲ့ သားကြီး ပေါက်ပြားကြီးထမ်းပြီး ဘယ်သွားမလို့လဲ’’ထိုအသံသည် အမေ့အသံဖြစ်သည်။ သားဖြစ်သူ ပေါက်ပြားကြီးထမ်းပြီး အိမ်ပေါက်ဝမှ ထွက်မည်အလုပ်တွင် စိုးရိမ်စိတ်ကြီးစွာဖြင့် လှမ်းမေးနေခြင်းဖြစ်သည်။ ကျွန်တော်လှည့်ကြည့်လိုက် သောအခါ အမေ့၏ မျက်လုံးများမှာ အပြူးသားလေးအတိုင်းရှိနေသေးသည်။
‘‘အမေကလည်း သားကို မစိုးရိမ်ပါနဲ့။ သားက ခြင်လာကိုက်ရင်တောင် မသတ်ရက်လို့ လက်ကလေးနဲ့ ခြောက်လွှတ်လိုက်တတ်တဲ့သူမျိုးပါ’’‘‘အမေသိပါတယ်သားရယ်။ ဒါပေမဲ့ သားက ပေါက်ပြားကြီးနဲ့ဆိုတော့ .. ’’‘‘ပေါက်ပြားယူသွားတယ်ဆိုတာက ဒီလိုပါအမေ။ ကျွန်တော်နဲ့ ကိုဖြိုး နန်းတော်ဦးစေတီက ချုံတွေကို ရှင်းဖို့ တိုင်ပင်ထားကြလို့ပါ …‘‘ဟုတ်လား။ တယ်တော်တဲ့ ငါ့သားပါရော။ ကောင်းတယ်၊ ကောင်းတယ် လုပ်ပါသား။ မင်းတို့ အရွယ်က ဘာအပူအပင်မှ သိပ်မရှိသေးတော့ လုပ်နိုင်တယ်။ အမေတို့အရွယ်က အပူအပင်တွေ များတတ်တော့ မလုပ်နိုင်သေးဘူး။ သားတို့ရှင်းပြီးတဲ့နေ့ကျရင် အမေ ပထမဦးဆုံး လာဖူးမယ်’’‘‘ဒါဆို သွားပြီနော် အမေ’’ဟုဆိုကာ တာ့တာပြ၍ ထွက်ခွာခဲ့သည်။
ကျွန်တော့်၏ မနက်ခင်းအရုဏ်ဦးသည် လန်းဆန်းတက်ကြွလျက်ရှိသည်။ ကျွန်တော် လှမ်းသော ခြေလှမ်းတိုင်း၏ အသံကို ပြန်ကြားနေရသည်။ ကျွန်တော်သွားနေသည်မှာ နန်းတော်ဦး စေတီရှိရာ အရပ်မျက်နှာသို့ ဖြစ်သည်။ သွားနေသည့် လမ်းတစ်ဘက်တစ်ချက်တွင်ရှိသော သစ်ပင်များက ယိမ်းနွဲ့လှုပ်ရှား၍ ကြိုဆိုနေကြသည်။ သစ်ပင်များပေါ်ရှိ ကျေးငှက်ကလေးများ မြူးတူး ပျော်ရွှင်နေကြသည်မှာ ခါတိုင်းထက် ပို၍သာယာနေသယောင်။ ကျေးငှက်ကလေးများ၏ အော်မြည်သံ များကလည်း ကျွန်တော့်အား သြဘာပေးနေသည့် အလား။
ထိုစဉ် ကျွန်တော့်နောက်ကျောမှာ အနည်းငယ် ပူ၍လာသည်။ ဤသည်မှာ အရှေ့ဘက်အရပ်မှ သူရိန်နေမင်းကြီး ထွက်ပေါ် လာနေခြင်းကြောင့် ဖြစ်နိုင်သည်။ ကျွန်တော့်ခြေလှမ်းများသည် ရည်ရွယ်ရာသို့ ရောက်လုနီးပြီ။ ဟော .. ယခုပင် လှမ်း၍ မြင်နေရပြီ။ ဧကန်စင်စစ် ကိုဖြိုးဖြစ်သည်။ သူ့အိမ်ရှေ့ရှိ တန်းလျားပေါ်တွင် ဓားအရှည်ကြီးတစ်ချောင်းနှင့် ပေါက်ပြားတစ်လက်ကိုထောင်၍ စောင့်နေရှာသည်။
ရောက်ပြီ .. ရောက်ပြီ …။
‘‘မင်းကလည်း နောက်ကျလိုက်တာ။ ပြောတုန်းကတော့ နေမပူခင် စောစောစီးစီး ခြောက်နာရီကျော်လောက် စလုပ်မယ်ဆိုပြီး၊ ခု နေတောင်ထွက်နေပြီ’’ကျွန်တော့်ကို ခရီးရောက်မဆိုက်ပင် စည်း၍ ပြောလိုက်သည်။ မှန်ပါသည်။ ကျွန်တော် ပေါက်ပြားကို အရိုးပြန်တပ်နေ၍ အနည်းငယ်ကြာသွားခြင်းဖြစ်သည်။‘‘အေး ဟုတ်တယ်ကွ နည်းနည်း နောက်ကျသွားတယ်။ ဒါပေမဲ့ နေစမ်းပါဦး မင်းက ခါတိုင်းဆို ကိုးနာရီလောက်မှ ထတတ်တဲ့ကောင်က ခုမှ ခုနှစ်နာရီကျော်ပဲရှိသေးတယ်။ ကြားသားမိုးကြိုးပါရော’’‘‘ဒါကတော့ကွာ နာရီကို သံပတ်ပေးထားတာပေါ့’’‘‘သြော် .. သြော် ၊ ကဲ မပြောမပြီး၊ မတီးမမြည်၊ မလုပ်မဖြစ်တဲ့၊ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲကွာ စကြရအောင်’’‘‘ဘယ်အပိုင်းကို စလုပ်မလဲ’’‘‘လမ်းတွေဘက်ကို စလုပ်မယ်ကွာ’’
ဤသို့ဖြင့် ကျွန်တော်တို့နှစ်ယောက်သည် တိတ်ဆိတ်ငြိမ်သက်လှသော မနက်ခင်းကို ပေါက်ပြားနှင့် မြေကြီးထိသံများ၊ ဓားနှင့်သစ်ပင်ထိသံများဖြင့် ဖြိုခွင်းလိုက်ကြသည်။ တစ်ခါတစ်ရံ ကျောက်ခဲများကို ပေါက်မိသော အသံများကလည်း သွားကျိန်းလှ၏။ ထိုသို့ရှင်းလင်းစဉ် ထွက်လာသည့် ကင်းခြေများအကောင်တွေကို ရှောင်ရသည်မှာလည်း သုံးကြိမ်ရှိပြီဖြစ်သည်။
သူရိန်နေမင်းကြီးကလည်း အလုံးစုံထွက်ပေါ်လာပြီဖြစ်သောကြောင့် ကျွန်တော်တို့ ရပ်ကွက် ကလေးသည် အသက်ဝင်လှုပ်ရှားလာ၏။ ထို့အတူ နန်းတော်ဦးစေတီတော်လမ်းဆုံလေးသည်လည်း ဖြတ်သွားဖြတ်လာများဖြင့် စည်ကားလာသည်။ ယင်းဖြတ်သွားဖြတ်လာများသည် ကျွန်တော်တို့ နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားတတ်ကြသည်။
‘‘ဟဲ့ ကိုဖြိုး၊ ရော့ .. ရော့ .. နင်တို့စားဖို့ လက်ဖက်သုပ်နဲ့ရေနွေး’’ဟုဆိုသောကြောင့် ကျွန်တော်တို့နှစ်ယောက်သည် ပြိုင်တူပင်လှည့်ကြည့်လိုက်ကြသည်။‘‘ဟင် အန်တီကြီးက ကျွန်တော်တို့လုပ်နေတာကို ဘယ်လိုလုပ်သိတာလဲ’’‘‘ငါ ခုနက ဈေးကပြန်လာတော့ တွေ့လို့။ လျှာရှည်မနေနဲ့ မြန်မြန်ယူ’’ဟုဆိုကာ ကျွန်တော့် လက်ထဲသို့ လက်ဖက်သုပ်ပန်းကန်ပေးပြီး ကိုဖြိုးလက်ထဲသို့ ရေနွေးအိုးနှင့်ရေနွေးပန်းကန်များကို ပေးခဲ့ကာ သုတ်သီးသုတ်ပျာဖြင့် ပြန်သွားသည်။ အန်တီကြီးမှာ ကိုဖြိုး၏ အဒေါ်အရင်း တစ်ယောက်ဖြစ်သည်။ သူသည် တူ၊ တူမများ၏ သံယောဇဉ်ကြောင့် ယောကျ်ားမယူဖြစ်သည့် အပျိုကြီးတစ်ယောက်ဖြစ်သည်။ သူ့ကိုကြည့်လျှင် အမြဲတမ်း ပျာယာခတ်နေတတ်သည်။ ယခုလည်း အိမ်တွင် မည်သည့်ဟင်းအိုးတည်ထားခဲ့သည်မသိ အရေးတကြီးပြန်သွားသည်။
မင်းထက်မြိုင်