အမျိုးသားတွေကို အမျိုးသမီးတွေအပေါ် ရိုက်နှက်ဖို့ခွင့်ပြုထားတာမဟုတ်ဘူးဆိုတဲ့ ဂျက်ကီချမ်း

13-6-2022-yyl18.jpg

တရုတ်လူမှုကွန်ယက်ဖြစ်တဲ့ Weibo မှာ ပျံ့နှံ့သွားခဲ့တဲ့ တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်မှာ အမျိုးသမီးတစ်ဉီးကို အမျိုးသားအုပ်စုက ရိုက်နှက်တဲ့ ဗီဒီယိုကို ကြည့်ရှုခဲ့ကြတဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက တအံ့တဩဖြစ်ခဲ့ရပါတယ်။ အမျိုးသားအုပ်စုက အမျိုးသမီးကို ရိုက်နှက်နေတာ ရပ်တန့်ဖို့ ကြိုးစားခဲ့သူတွေက အမျိုးသားတွေမဟုတ်ဘဲ အမျိုးသမီးတွေပဲဖြစ်နေတာကြောင့် နိုင်ငံအတွင်း အကြမ်းဖက်မှုအကြောင်း ပိုပြီးဝေဖန်ပြောဆိုလာခဲ့ကြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့သူတွေထဲမှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဂျက်ကီချမ်းလည်း ပါဝင်ခဲ့ပါတယ်။ ဂျက်ကီချမ်းက သူ့ရဲ့အတွေးအမြင်ကို Weibo မှာ မျှဝေခဲ့ပါတယ်။ “မနေ့က ကျွန်တော့်ရဲ့ဝန်ထမ်းတစ်ယောက်ဟာ ကျွန်တော့်ကို ဗီဒီယိုဖိုင်ပြခဲ့တယ်။ ကျွန်တော် ဒေါသထွက်လွန်းလို့ တစ်ညလုံး အိပ်လို့မပျော်ခဲ့ဘူး။ ကြေကွဲဝမ်းနည်းရဆုံးအချက်က ရှိနေကြတဲ့ လူတွေအားလုံးထဲကမှ အမျိုးသမီးတွေပဲ ရှေ့ထွက်ပြီး အချင်းချင်းကူညီပေးခဲ့ကြပေမဲ့ သူတို့နားက အမျိုးသားတွေကတော့ ရပ်ပြီးကြည့်နေခဲ့ကြတာပါပဲ။

ကျွန်တော်တို့နိုင်ငံမှာ ဒါမျိုး‌တွေ ဘယ်လိုဖြစ်လာရတာလဲ။ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူတွေ အဖမ်းခံခဲ့ရပြီး ပြစ်ဒဏ်ကို စောင့်ဆိုင်းနေရတယ်ဆိုတာကို ကျွန်တော်ကြားသိခဲ့ရပါတယ်။ ကျွန်တော် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေမှာ အကြမ်းဖက်မှုကို မလိုလားဘူး၊ အမျိုးသားတွေကို အမျိုးသမီးတွေအပေါ် ရိုက်နှက်ခွင့်ပြုထားတာမဟုတ်ဘူး၊ လူတစ်စုက လူတစ်ယောက်တည်းကို ဘယ်တော့မှ အုပ်စုဖွဲ့ မတိုက်ခိုက်သင့်ဘူးဆိုတာတွေကို အမြဲအလေးပေးပြောခဲ့ပါတယ်။ ဒီလိုမျိုးမတရားတဲ့ကိစ္စတွေ ဆက်ဖြစ်နေသေးတဲ့အတွက် ဒါကို ထပ်ခါထပ်ခါ မပြောလို့မရတော့ဘူး”လို့ ဂျက်ကီချမ်းက ရေးသားခဲ့ပါတယ်။

ဂျက်ကီချမ်းရဲ့ပို့စ်မှာ လူမှုကွန်ယက်အသုံးပြုသူအများအပြားက ကောင်းတဲ့မှတ်ချက်ပေးခဲ့ကြတဲ့အပြင်အမျိုးသမီးတွေအတွက် ရပ်တည်ပေးလို့လည်း သူ့ကို ကျေးဇူးတင်ခဲ့ကြပါတယ်။ ဂျက်ကီချမ်းရဲ့ပို့စ်ကို သဘောမတူတဲ့သူတချို့လည်း ရှိခဲ့ပါတယ်။ “မကူညီတဲ့လူတွေကို အပြစ်တင်လို့မရဘူး။ အဲဒီမှာ အမျိုးသားက ကိုးယောက်တောင်ရှိတာ၊ ကိုယ့်ကိုယ်ကိုအရိုက်ခံရဖို့ ဘာလို့ထွက်ရမှာလဲ”လို့ လူမှုကွန်ယက်အသုံးပြုသူတစ်ဉီးကပြောပါတယ်။ နောက်တစ်ယောက်ကလည်း “ဟီးရိုးဖြစ်ဖို့အတွက် ပေးဆပ်ရတဲ့ တန်ကြေးက အရမ်းကြီးတယ်။ ကျွန်တော်ကတော့ သူတို့ကို တိုင်ကြားဖို့ ရွေးချယ်ဖြစ်လိမ့်မယ်”လို့ ရေးသားခဲ့ပါတယ်။

တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်မှာ အမျိုးသမီးတစ်ဉီးကို အမျိုးသားအုပ်စုက ရိုက်နှက်တဲ့အကြောင်း ဖတ်ရှုရန် အောက်ပါလင့်ခ်ကို နှိပ်ပါ…

Ref: 8daysSingapore ““Men Are Not Supposed To Hit Women”: Jackie Chan On Viral Video Of A Woman Brutally Attacked By A Group Of Men In A Restaurant In China”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top