သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ

coffee-beans-and-grounds-47H8YSU.jpg

ကော်ဖီဖျော်ပြီးရင် ကျန်တဲ့ အမှုန့်အနှစ်တွေကို ချက်ချင်းလွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် သုံးပြီးသား ကော်ဖီအနည်တွေက စွယ်စုံ အသုံးဝင်တာကိုတော့ သိပ်မသိကြပါဘူး။ ကော်ဖီ အနည်တွေကို အိမ်အလုပ် တော်တော်များများမှာ စရိတ်မကုန်ဘဲ အသုံးဝင်တဲ့ နည်းလမ်းတွေနဲ့ အသုံးချနိုင်ပါတယ်။ ကော်ဖီသောက်ပြီးရင် ကျန်တဲ့အနည်တွေကို အလှအပအတွက် အသုံးချလို့ရသလို ဆံပင်အတွက်လည်း အသုံးဝင်ပါတယ်။

ကော်ဖီကို နေ့စဉ်သောက်ရင် အသက်ရှည်နိုင်တယ်၊ လေဖြတ်ခြင်းကို ကာကွယ်နိုင်တယ်၊ အမျိုးအစား ၂ ဆီးချိုရောဂါ အန္တရာယ် ကာကွယ်နိုင်တယ်လို့တောင် လေ့လာမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် သောက်ပြီး ကျန်ရှိတဲ့ အနည်တွေဟာလည်း ပြန်လည်အသုံးပြုခြင်း (recycle) သဘောနဲ့ စွယ်စုံ အသုံးချလို့ ရနိုင်ပါတယ်။

မြေဩဇာအဖြစ်သုံးမယ်

azaleas ပန်း၊ hydrangeas (ခြောက်လပန်း)၊ rhododendrons (တောင်ဇလပ်ပန်း)၊ camellias ပန်း၊ နှင်းဆီပန်း တို့လို အပင်တွေစိုက်တဲ့အခါ ကော်ဖီကို မြေဩဇာအဖြစ် ပြောင်းလဲ အသုံးချနိုင်ပါတယ်။ ကော်ဖီအနည်တွေကို အက်စစ်ဓာတ်ပြယ်စေဖို့ မြက်ခြောက်၊ ကောက်ရိုး၊ အရွက်ကြွေတွေနဲ့ရောပြီးမှ အပင်ပတ်လည်မှာ ဖြန့်ထားပါ။ ကော်ဖီအနည်တွေက မြေဆီလွှာကို နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ်ဓာတ်အပြင် အပင်တွေ ရှင်သန်ဖြစ်ထွန်းဖို့လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

ကော်ဖီမြေဩဇာက ဖော့စ်ဖရိတ်နဲ့ ကယ်လ်စီယမ် မပါတာကြောင့် အသီးအတွက် အားပေးနိုင်မှာတော့ မဟုတ်ပါဘူး။ ပြီးပြည့်စုံတဲ့ ကော်ဖီမြေဩဇာကို ရရှိဖို့အတွက် သံပရာ သို့မဟုတ် ပြာ အနည်းငယ် ရောစပ်ဖို့ လိုပါလိမ့်မယ်။

ပိုးသတ်ဆေး

အပင်တွေမှာ ပုရွက်ဆိတ်၊ ခရု၊ ပက်ကျိ စတဲ့ အဖျက်ပိုးကောင်တွေကို ကာကွယ်ဖို့အတွက် အပင်တွေတဝိုက် ကော်ဖီအနှစ်ကို အနည်းငယ် ဖြူးပေးနိုင်ပါတယ်။ကော်ဖီအနည်တွေကို လိမ္မော်ခွံခြောက်နဲ့ ရောလိုက်ရင် သတ္တဝါငယ်တွေပါ အပင်ကို ဝေးဝေးရှောင်စေတယ်လို့ ဆိုပါတယ်။

အသားနူးလွယ်စေတယ်

သုံးပြီးသား ကော်ဖီအနည်တွေက သဘာအက်စစ်ဓာတ် ပါဝင်မှုကြောင့် အသားတွေကို နူးစေတဲ့အစွမ်း ရှိပါတယ်။ အသားအစိမ်းကို ကော်ဖီအနှစ်တွေအုံပြီး ပလတ်စတစ်အိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၃ နာရီ သို့မဟုတ် တစ်ညသိပ် ထားလိုက်ပါ။ အသားကို ချက်တော့မယ်ဆိုမှ ရေပြောင်စင်အောင် ဆေးလို့ရပါတယ်။

အနံ့အသက်တွေ ပျောက်စေတယ်

ကော်ဖီဟာ မုန့်ဖုတ်ဆိုဒါလိုပဲ ရေခဲသေတ္တာထဲမှာ စွဲနေတဲ့ အစားအသောက်နံ့တွေကို စုပ်ယူပေးနိုင်ပါတယ်။ ကော်ဖီအနည်တွေကို အဖုံးမပါတဲ့ ပုလင်းငယ် တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာ အနောက်ထဲမှာ ထားလိုက်ပါ။ ဒီလိုထားပြီးလို့ ပြန်ဖယ်ထုတ်တဲ့အခါကျမှ မြေဩဇာအဖြစ် သုံးလိုက်လည်း ရပါတယ်။

သဘာဝကြေးချွတ်ဆေး

ကော်ဖီအနည်တွေကို ကြမ်းသုတ်ဝတ်မှာ ဖြူးပြီး ခုံတွေ၊ စားပွဲတွေမှာ အစားအစာတွေကနေ စွန်းပေသမျှကို ပွတ်သုတ်ပစ်လို့ရပါတယ်။ ကော်ဖီအနည်တွေက ကြေးချွတ်နိုင်တဲ့ အာနိသင်ရှိပေမယ့် မီးဖိုချောင်ထဲက မျက်နှာပြင်တွေကို ထိခိုက်လောက်အောင် မပွန်းစေနိုင်ပါဘူး။

ကော်ဖီဖယောင်းတိုင်

ကော်ဖီအနံ့ကို ကြိုက်တယ်ဆိုရင် ကော်ဖီအနည်တွေနဲ့ ဖယောင်းတိုင်တွေ ကိုယ်တိုင် ဖန်တီးလို့ ရပါတယ်။ စက္ကူကော်ဖီခွက်ငယ် တစ်ခွက်၊ paper towel အရည်စုပ် စက္ကူကြမ်းတစ်ရွက်၊ ဖယောင်း (wax candle ends)၊ မီးစာ၊ ကတ်ကြေးတို့ လိုပါတယ်။ အရင်ဆုံး ကော်ဖီအနည်တွေကို စက္ကူကြမ်းထဲထည့်ပြီး အရည်ခြောက်အောင် ညှစ်ထုတ်ပြီး ဖြန့်ထားပါ။ ဖယောင်းကို ဘေးကင်းစေဖို့ ရေနွေးအိုးမှာ ပေါင်းအိုးအကန့်ခံပြီး အရည်ပျော်အောင်လုပ်ပါ။ စက္ကူကော်ဖီခွက်ထဲမှာ မီးစာကိုထည့်၊ ကော်ဖီ အနှစ် အနည်းငယ်ဖြူးထည့်ပါ။ ဖယောင်းကို တဝက်လောင်းထည့်ပြီး ကော်ဖီထပ်ထည့်ပါ။ နောက်ဆုံး ဖယောင်းလောင်းထည့်ပြီး တစ်နာရီလောက် အအေးခံပါ။ အေးခဲသွားပြီဆိုရင် ဖယောင်းတိုင် ထည့်လုပ်ထားတဲ့ စက္ကူခွက်ကို ကတ်ကြေးနဲ့ အသာအယာ ညှပ်ထုတ်လိုက်ပါ။ ကော်ဖီနံ့မွှေးတဲ့ ဖယောင်းတိုင်လေး ရရှိလာမှာဖြစ်ပါတယ်။

သန်းသတ်ဆေး

ခွေး သို့မဟုတ် ကြောင်ကို ရေချိုးပေးတဲ့အခါ ရှန်ပူထည့်ပြီး ရေမဆေးချမီ အမွှေးကြားထဲ ကော်ဖီအနည်တချို့နဲ့ ပွတ်တိုက်ပေးပါ။ ပုံမှန်အတိုင်း ရေချိုးချပြိး ကော်ဖီနဲ့ နောက်တစ်ခါ ထပ်ပွတ်တိုက်ပေးပါ။ ပြန်ဆေးချပါ။ သန်းကင်းစင်စေတဲ့အပြင် ညဘက် ကိုယ်နဲ့အတူလာအိပ်ရင် ကော်ဖီနံ့လေးတောင် မွှေးနေဦးမှာပါ။

အရေးကြီးတာတစ်ချက်က ခွေးလေးတွေကို ကော်ဖီအဖတ်တွေ မစားမိစေဖို့ပါပဲ။ ခွေးတွေအတွက် ကဖင်းက အဆိပ်ဖြစ်စေတတ်လို့ပါ။

မျက်ရည်အိတ်တွဲခြင်းကို သက်သာစေတယ်

လက်ဖက်ရည်ခြောက်ထုပ်လေးတွေနဲ့ပဲ အသုံးဝင်တာ မဟုတ်ပါဘူး။ ကော်ဖီကလည်း မျက်လုံးအောက်မှာ မျက်ရည်အိတ်တွဲခြင်းကို သက်သာစေနိုင်ပါတယ်။ ကော်ဖီအနည်တွေကို ရေအနည်းငယ်နဲ့ အနှစ်ဖြစ်အောင်လုပ်ပါ။ မျက်လုံးအောက် ဧရိယာမှာ တင်ပြီး ၁၅ မိနစ်လောက် နားလိုက်ပါ။

အသားအရေ ကြေးချွတ်ခြင်း

ကော်ဖီအနည်တွေက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝ ကြေးချွတ်ဆေးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် Coffee Body Scrub လုပ်မယ်ဆိုရင် ကော်ဖီမှုန့် ခွက်တဝက်၊ coconut palm sugar ခွက်တဝက်၊ အုန်းဆီ သို့မဟုတ် သံလွင်ဆီ၊ သစ်ကြံပိုးခေါက် တစ်ဇွန်း လိုအပ်ပါတယ်။ ခွက်တစ်လုံးထဲမှာ အားလုံးထည့်ပါ။ ရေခဲသေတ္တာထဲ အအေးခံပါ။ Scrub က နှစ်ပတ်လောက်တော့ ထားလို့ခံပါတယ်။

ဆံသားအလှအတွက်

ဆံကေသာအလှကုန်တွေ အများကြီး သုံးထားတယ်ဆိုရင် ဒါမှမဟုတ် သဘာဝ ခေါင်းလျှော်ရည်ကို ပြောင်းသုံးထားတယ်ဆိုရင် သင့်ရဲ့ဆံပင်တွေမှာ လိုအပ်ချက်တွေ ဖြစ်နေနိုင်ပါတယ်။ ဆံပင်မှာ မပြောင်စင်ဘဲ ကပ်ငြိနေတဲ့ အရာတွေကို ကော်ဖီနဲ့ ဖယ်ရှားနိုင်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ရှန်ပူမထည့်ခင် ကော်ဖီ အနည်လက် တစ်ဆုပ်လောက်နဲ့ ပွတ်လျှော်ပေးပြီး နှိပ်နယ်ပေးပါ။ ဆံကေသာ တောက်ပြောင် လှပလာပါလိမ့်မယ်။

ဆပ်ပြာ

အသားအရေအတွက် အာဟာရဖြည့်ပေးမယ့်၊ အညစ်အကြေးတွေ သန့်စင်ပေးမယ့် ကော်ဖီဆပ်ပြာမွှေးကို ကိုယ့်ဘာသာ ဖန်တီးနိုင်ပါတယ်။ ကော်ဖီမှုန့်ကို ခွက်ရဲ့ လေးပုံတစ်ပုံ၊ ဂလစ်ဆရင်းဆပ်ပြာ ၈ အောင်စ၊ အုန်းနို့အမှုန့် လက်ဖက်ရည်၁ ဇွန်း၊ ဗနီလာ ၂ ဇွန်း၊ လက်ကိုင်ပါတဲ့အိုး၊ ဖန်ပန်းကန်လုံးတစ်လုံး၊ Muffin မုန့်လုပ်တဲ့အိုး၊ ယောက်မတစ်ချောင်းတို့ လိုအပ်ပါတယ်။ အိုးကို ရေတဝက်ထည့်ပါ။ ဖန်ပန်းကန်လုံးကို ထည့်ပါ။ ရေဆူလာရင် ပန်းကန်လုံးထဲ ဆပ်ပြာကိုထည့်ပြီး အရည်ပျော်အောင်ထားပါ။ အရည်ပျော်လာရင် ဆီသုတ်ထားတဲ့ Muffin အိုးရဲ့ အခွက်လေးတွေထဲ ကော်ဖီမှုန့်ကိုထည့်ပါ။ အရည်ပျော်လာတဲ့ဆပ်ပြာကို မီးပိတ်ပြီး ဗနီလာ၊ ကော်ဖီမှုန့်နဲ့ အုန်းနို့မှုန့်ကိုထည့်ပါ။ ဆပ်ပြာကို ယောက်မသုံးပြီး Muffin ခွက်လေးတွေထဲ ဖြည့်ပါ။ နာရီအတော်ကြာ အအေးခံပါ။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top