ဂျက်ဝတ်စုံဖြင့် ကမ္ဘာ့အမြန်နှုန်း စံချိန်တင်ခဲ့တဲ့ လက်တွေ့ဘဝ Iron Man

a322716c0845ecf204576f434d03cef3a1e8ad19_2880x1620.jpg

အင်္ဂလန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ စွန့်ဦးတီထွင်သူ ရစ်ချက်ဘရောင်းနင်း (Richard Browning) ဟာ သူတီထွင်ထားတဲ့ ဝတ်စုံကြောင့် တကယ်လက်တွေ့ဘဝ Iron Man လို့ သတ်မှတ်ထားခြင်းခံရသူ တစ်ယောက်ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘရောင်းနင်းဟာ သူ့ဝတ်စုံနဲ့ ပျံသန်းပြီး ကမ္ဘာ့အမြန်ဆုံးစံချိန်တင်ခဲ့ပါတယ်။

ဘရောင်းနင်းဟာ သူ့ဝတ်စုံနဲ့ ပျံသန်းမှုကို အင်္ဂလန်နိုင်ငံ ရီးဒင်းမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၁ နာရီကို ၃၂ မိုင် ပျံသန်းပြကာ စံချိန်တင်ခဲ့တာပါ။ ဒီ အမြန်နှုန်းဟာ ဘရောင်းနင်းတစ်ယောက် Iron Man ဝတ်စုံကို တီထွင်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ အများဆုံး အမြန်နှုန်းလည်း ဖြစ်ပါတယ်။ ပထမက ဘရောင်းနင်းဟာ လျှပ်စစ် ပန်ကာများနဲ့ ပျံသန်းနိုင်တဲ့ ဝတ်စုံတီထွင်ဖို့ စဉ်းစားခဲ့ပေမဲ့ နောက်ပိုင်းမှာ ဂျက်အင်ဂျင်နဲ့ဆို ပိုအဆင်ပြေတာကြောင့် ဂျက်အင်ဂျင်နဲ့ တီထွင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိဝတ်စုံကို ဂရိ ဗိသုကာပညာရှင် တစ်ဦးရဲ့ နာမည်ကို အစွဲပြုကာ “Daedalus” လို့ နာမည်ပေးထားပြီး ဒီဝတ်စုံမှာ ဓတ်ငွေ့အားသုံး ဂျက်အင်ဂျင် ၆ လုံး ပါဝင်ကာ ၄ လုံးကို လက်မှာ တပ်ဆင်ထားပြီး ကျန်နှစ်လုံးကို တင်ပါးနားမှာ တပ်ဆင်ထားပါတယ်။ ဒီအင်ဂျင် ၆ လုံးရဲ့ တွန်းအားဟာ ၂၈၆ ပေါင်အထိ ရှိပါတယ်။

အောင်မြင်ဖို့ အလားအလာရှိနေတဲ့ ဒီ Iron Man ဝတ်စုံကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီတွေ၊ စစ်ဘက်ဆိုင်ရာ သုတေသန အဖွဲ့အစည်းတွေနဲ့ ဟောလိဝုဒ်မှ ထုတ်လုပ်သူတွေက စိတ်ဝင်စားနေကြတယ် လို့သိရပါတယ်။

“ဒီဝတ်စုံနဲ့ဆို မြေပြင်နားက ကပ်ပြီး မိုင်ပေါင်းများစွာကို အလွယ်တကူ သွားရောက်နိုင်မှာ ဖြစ်တယ် ”လို့ ဘရောင်းနင်းက ဆိုပါတယ်။ ဒါပေမဲ့ ဘရောင်းနင်းက ဒီဝတ်စုံကို လူတိုင်းစီးနိုင်ဦးမှာ မဟုတ်ကြောင်းပြောကြားခဲ့ပြီး “ကျွန်တော်ကတော့ လူတွေဟာ စတိုးဆိုင်တွေသွားတာမျိုး၊ ကလေးတွေ ကျောင်းသွားပို့တာမျိုးကို ဒီဝတ်စုံမျိုးနဲ့ လုပ်ကြဦးမယ်လို့ မထင်ပါဘူး” လို့ပြောခဲ့ပါတယ်။

Ref : ABC Tech : Real-Life Iron Man Sets Record For Fastest Time In Jet Suit

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top