Coldplay အဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ်ကို The Ocean Cleanup အဖွဲ့မှ ဆယ်ယူထားတဲ့ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေနဲ့ ထုတ်လုပ်

20.6.2024-yyl-1.jpg

Coldplay အဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ် Moon Music အခွေကို အကန့်အသတ်နဲ့သာ ထုတ်လုပ်ဖြန့်ချိမှာဖြစ်ပြီး ဂွာတီမာလာနိုင်ငံ ရီယိုလက်စ်ဗာကက်စ်မြစ်ထဲမှ ဆယ်ယူထားတဲ့ ပလတ်စတစ်တွေကို ပြန်လည်အသုံးပြုပြီး အယ်လ်ဘမ်ချပ်ပြားတွေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားတဲ့ Coldplay အဖွဲ့ဟာ နယ်သာလန်အခြေစိုက် The Ocean Cleanup နဲ့ပူးပေါင်းပြီး အခုလို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ The Ocean Cleanup အဖွဲ့ဟာ မြစ်ချောင်းတွေထဲမှ ပလတ်စတစ်တွေကို ဆယ်ယူပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ မျောပါနေတဲ့ ဧရာမအမှိုက်ပုံကြီးကို ရှင်းလင်းဖယ်ရှားပေးလို့ လူသိများလာခဲ့တာပါ။

ဒါပေမဲ့ သူတို့အဖွဲ့ဟာ နိုင်ငံအသီးသီးရဲ့ မြစ်တွေထဲမှာ ပလတ်စတစ်တွေ ဆယ်ယူနိုင်ဖို့ အထူးဖန်တီးထားတဲ့ လှေတွေ၊ အတားအဆီးတွေ ဖြန့်ကျက်ထားပြီး သမုဒ္ဒရာထဲကို ပလတ်စတစ်တွေ မျောပါမသွားအောင် အထူးအလေးပေး လုပ်ဆောင်လျက်ရှိပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ဟွန်ဒူးရပ်စ်ပင်လယ်ကွေ့ထဲကို ပလတ်စတစ်တွေ စီးမျောမသွားအောင် တားဆီးဖို့ The Ocean Cleanup အဖွဲ့ရဲ့ Interceptor 006 ပလတ်စတစ်ဆယ်ယူရေးစနစ်ကို ဂွာတီမာလာနိုင်ငံ ရီယိုလက်စ်ဗာကက်စ်မြစ်ထဲမှာ ဖြန့်ကျက်ထားခဲ့တာပါ။

The Ocean Cleanup အဖွဲ့က ရီယိုလက်စ်ဗာကက်စ် မြစ်ထဲကနေ ဆယ်ယူထားတဲ့ ပလတ်စတစ် ၇၀ ရာခိုင်နှုန်း၊ တခြားရင်းမြစ်တွေကနေ ပြန်လည်အသုံးပြုထားတဲ့ စွန့်ပစ်ပလတ်စတစ်ပစ္စည်း ၃၀ ရာခိုင်နှုန်းကို အသုံးပြုပြီး Coldplay အဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ် Moon Music အခွေကို ထုတ်လုပ်ခဲ့တာပါ။ Moon Music တေးအယ်လ်ဘမ်ကို အောက်တိုဘာလ ၄ ရက်မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

Ref: Coldplay’s New Album Is Made of Plastic Collected from Rivers by The Ocean Cleanup
WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top