ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်ညစ်ညမ်းမှု ကန့်သတ်တားဆီးရေး ဆွေးနွေးပွဲမှာ သဘောတူညီချက် မရခဲ့

2.12.2024-yyl-12.png

ပလတ်စတစ်ညစ်ညမ်းမှု ကန့်သတ်တားဆီးရေးအတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုရဖို့ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ ဆွေးနွေးပွဲမှာကွဲလွဲမှုတွေ ရှိခဲ့တာကြောင့် သဘောတူညီချက် ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပါဘူး။ နိုင်ငံပေါင်း ၁၀၀ ကျော်က ပလတ်စတစ် ထုတ်လုပ်မှုကို လျှော့ချကန့်သတ်ဖို့ လိုလားပေမဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံတချို့ကတော့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကိုပဲ ပစ်မှတ်ထား ဖြေရှင်းဖို့ ဆန္ဒရှိခဲ့တာပါ။

နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ ထောက်ခံမှုနဲ့အတူ ပနားမားနိုင်ငံက တင်သွင်းခဲ့တဲ့ အဆိုပြုချက်မှာ ကမ္ဘာတစ်ဝန်းလုံးပလတ်စတစ်ထုတ်လုပ်မှု လျှော့ချရေးကို လျာထားချက်သတ်မှတ် ဆောင်ရွက်သင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဆော်ဒီနိုင်ငံအပါအဝင် ရေနံထုတ်လုပ်တဲ့ နိုင်ငံအနည်းငယ်ကတော့ ပလတ်စတစ် ထုတ်လုပ်မှု လျှော့ချရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုတွေ ထပ်လုပ်ဖို့ ဦးတည်စေခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနနဲ့ အတိုင်ပင်ခံလုပ်ငန်းစု Eunomia က ဖော်ပြတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ဆော်ဒီနိုင်ငံတွေဟာ ၂၀၂၃ ခုနှစ်အတွင်း ပိုလီမာပစ္စည်းထုတ်လုပ်မှုအများဆုံး ၅ နိုင်ငံ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမတိုင်ခင် ရက်ပိုင်းအလိုက အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ကျင်းပခဲ့တဲ့ COP29 ထိပ်သီးအစည်းအဝေးမှာလည်း ကျေနပ်စရာရလဒ် မထွက်ခဲ့ဘဲ အဆုံးသတ်ခဲ့ရတာပါ။ ရာသီဥတုဆိုင်ရာ နှစ်စဉ်အသုံးစရိတ်အတွက် ကမ္ဘာလုံးဆိုင်ရာဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ သုံးစွဲဖို့ သဘောတူညီခဲ့ပြီး အဲဒီပမာဏဟာ ကျွန်းနိုင်ငံငယ်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် လောက်ငမှုမရှိတဲ့ ပမာဏဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။

Ref: Countries fail to reach agreement in UN plastic talks
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top