အွန်လိုင်းကနေ ကျားပေါက်တစ်ကောင်ကို ကြောင်အမှတ်နဲ့ ဝယ်ယူခဲ့တဲ့စုံတွဲတစ်တွဲ အမှုရင်ဆိုင်ခဲ့ရ

9-10-2020-yyl-002.jpg

အွန်လိုင်းကနေ ဝယ်ခဲ့တဲ့ကြောင်ပေါက်လေးတစ်ကောင်က ကျားပေါက်လေးတစ်ကောင်ဖြစ်တာကို စုံတွဲတစ်တွဲသိရှိသွားပြီးတဲ့နောက်မှာ ရဲစခန်းကို တိုင်ကြားခဲ့တဲ့ဖြစ်ရပ်တစ်ခု ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ၊ Le Havre မှာ နေထိုင်တဲ့ အမည်မသိစုံတွဲတစ်တွဲက အွန်လိုင်းကနေ ဆာဗားနားကြောင်တစ်ကောင်ကို ဝယ်ယူဖို့အတွက် ယူရိုထောင်ချီပေးခဲ့ရတာပါ။ ဒါပေမဲ့ သူတို့ရလိုက်တဲ့ဆာဗားနားကြောင်က ကျားပေါက်လေးဖြစ်နေခဲ့ပါတယ်။

ဆာဗားနားကြောင်က တောရိုင်းကြောင်နဲ့ ဒေသတွင်းကြောင်တို့စပ်ထားတဲ့ ကြောင်အမျိုးအစားပါ။ အဲဒီကြောင်တွေက ပြင်သစ်မှာ တရားဝင်မွေးထားလို့ရပေမဲ့ ကျားတွေကိုတော့ အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးမြူထားလို့မရတဲ့အပြင် ခွင့်ပြုချက်မရဘဲ တင်ပို့ရောင်းချလို့တောင်မရပါဘူး။ အဲဒီစုံတွဲတို့က ကြောင်ကို သူတို့လက်ထဲအရောက်ပို့ပေးဖို့ ရောင်းတဲ့သူနဲ့ ယူရို ၆၀၀၀ ပေးကာ သဘောတူညီခဲ့ကြပြီးတဲ့နောက်မှာ ဒီမတော်တဆဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ သူတို့လက်ထဲရောက်လာတော့ (၃) လသား အင်ဒိုနီးရှား ကျားပေါက်လေးဖြစ်နေပါတယ်။

အဲဒီစုံတွဲက ရက်အနည်းငယ်လောက်ကမှ ဒီကျားပေါက်လေးကိုလက်ခံရရှိခဲ့တဲ့အတွက် သူတို့သတိမထားမိခဲ့ဘူး။ တစ်ခုခုမှားနေတယ်ဆိုတာ သံသယဝင်တဲ့အခါမှာ စုံစမ်းစစ်ဆေးဖို့အတွက် ရဲတပ်ဖွဲ့ကို ခေါ်ခဲ့တာဖြစ်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။ သူတို့လက်ခံရရှိခဲ့တဲ့ ဆူမားတြားကျားမျိုးစိတ် (Sumatran)က ကာကွယ်ထားခံရတဲ့မျိုးစိတ်ဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလို့မရနိုင်ပါဘူး။ ရဲတပ်ဖွဲ့က ဒီကျားက ဘယ်ကလာခဲ့တယ်ဆိုတာ မရှင်းလင်းပေမဲ့ ပုံတွေမှာတွေ့ရပြီး Normandy မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှာတောင် တွေ့ရတယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်က ၂၀၁၈ခုနှစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး The Regional Intervention Group of the National Police and the Departmental Security အဖွဲ့က (၂) နှစ်အကြာမှ အပြီးအသတ်စုံစမ်းစစ်ဆေးပြီး ဒီအမှုကို ပိတ်သိမ်းခဲ့ရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဝယ်ယူခဲ့တဲ့စုံတွဲအပါအဝင် လူ (၉) ဦးကို ဖမ်းဆီးခဲ့ပြီး စုံတွဲက ကာကွယ်ခံထားရတဲ့မျိုးစိတ်ကို ကုန်ကူးတာနဲ့ပတ်သက်တဲ့အမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ အခြားသူတွေကလည်း စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှု (Organized crime)နဲ့ အမှုရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီကျားပေါက်လေးကို ကယ်တင်ခဲ့တုန်းက ကျန်းမာရေးကောင်းမွန်ပြီး French Biodiversity Office ကိုလွှဲပြောင်းပေးခဲ့တယ်လို့ France Bleu အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း မလေးရှားနိုင်ငံက အမျိုးသမီးတစ်ဦးကလည်း ခွေးလို့ မှတ်ပြီး ဝက်ဝံတစ်ကောင်ကို မွေးထားခဲ့တဲ့အတွက် ဖမ်းခံခဲ့ရဖူးပါတယ်။

Ref: Ladbible “Couple Who Bought ‘Kitten’ Online Find Out It’s Actually A Tiger Cub”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top