ဒေါ်နယ်ထရမ့်က အမေရိကန်သမိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အကင်းမဲ့ဆုံး သမ္မတအဖြစ် မှတ်ယူခံရမယ်လို့ ဂျိုးဘိုင်ဒင် ပြော

20-11-2020-yyl-013.jpg

သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်နေတဲ့ ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်က အမေရိကန်နိုင်ငံရဲ့ ဖြစ်တည်မှုနဲ့ပတ်သက်ပြီး ကြောက်စရာ သတင်းစကားပါးသလို ဖြစ်စေတယ်လို့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ရှုတ်ချခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲ မနိုင်တော့ဘူးဆိုတာကို သိနေသလို သူ့လုပ်ရပ်တွေကလည်း တကယ့်ကို တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိကြောင်း ဖော်ပြနေတယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ မဲပြန်လည်ရေတွက်ပြီးစီးချိန်မှာလည်း ဂျိုးဘိုင်ဒင်ပဲ အနိုင်ရခဲ့လို့ သမ္မတဒေါ်နယ်ထရမ့်အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်စေခဲ့ပါတယ်။ ဂျော်ဂျီယာပြည်နယ်ရဲ့မဲတွေကို လက်နဲ့ ပြန်လည်ရေတွက်ချိန်မှာလည်း စီရင်စုတစ်ခုမှာ အမှားအယွင်း အများဆုံးဖြစ်တဲ့ပမာဏက ဝ.၇၃ ရာခိုင်နှုန်းပဲရှိပြီး ဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရမ့်ရဲ့ မဲကွာခြားချက်က ဝ.၅ ရာခိုင်နှုန်းပဲ ရှိနေတာ တွေ့ရှိခဲ့ပါတယ်။ ဒီတစ်ပတ်အတွင်း စစ်ဆေးမှုတွေအရ ဂျော်ဂျီယာပြည်နယ်မှာ မရေတွက်မိတဲ့ မဲထောင်ပေါင်းများစွာ တွေ့ရှိခဲ့လို့ ဂျိုးဘိုင်ဒင်ရဲ့မဲအသာရမှု ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုဖြစ်ရတာက လူသားအမှားကြောင့်ဖြစ်ပြီး မဲမသမာမှုလုပ်ခဲ့တာမဟုတ်ဘူးလို့ မဲပေးမှုစနစ်မန်နေဂျာ ဂါဘရီယယ်စတာလင်းက ပြောပါတယ်။

အစောပိုင်းက ဂျော်ဂျီယာပြည်နယ် မဲရလဒ်ကို အတည်မပြုပေးဖို့ ရီပတ်ဗလစ်ကန်ပါတီဝင်တွေရဲ့ နောက်ဆုံးတရားစွဲဆိုမှုကို တရားရုံးက ပယ်ချခဲ့ပါတယ်။ ဂျော်ဂျီယာပြည်နယ် မဲရလဒ်ကို ဒီကနေ့ ( နိုဝင်ဘာလ ၂၀ ရက်) အတည်ပြုပေးမှာပါ။ ဒေါ်နယ်ထရမ့်ကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်လို့ သက်သေအထောက်အထားမဲ့ စွပ်စွဲပြီး တရားစွဲဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်မှုတွေထဲမှာ တစ်ခုကလွဲပြီး ကျန်တာအားလုံး ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ရဲ့ လူထုမဲ ရရှိမှုက ဒေါ်နယ်ထရမ့်က ၅.၉ သန်းကျော် ပိုများသလို ကိုယ်စားလှယ်မဲ ရရှိမှုမှာလည်း ဂျိုးဘိုင်ဒင်က (၃၀၆)မဲ၊ ဒေါ်နယ်ထရမ့်က (၂၃၂)မဲရလဒ် ထွက်ပေါ်လိမ့်မယ်လို့ အမေရိကန်မီဒီယာတွေက ခန့်မှန်းထားပါတယ်။ ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်နေတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဂျိုးဘိုင်ဒင်က ” ဒီမိုကရေစီစနစ်ရဲ့လည်ပတ်မှုပုံစံနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ကမ္ဘာပေါ်မှာရှိတဲ့ တခြားနိုင်ငံတွေထိခိုက်နစ်နာစေတဲ့ သတင်းစကားပါးနေတာပါ။ သူက အမေရိကန်နိုင်ငံသမိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အကင်းမဲ့ဆုံးသမ္မတတစ်ယောက်အဖြစ် မှတ်ယူခံရမှာပါ” လို့ ပြောခဲ့ပါတယ်။

Ref: BBC ” US election 2020: Biden says Trump denial ‘sending horrible message'”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top