ဒီတစ်ကြိမ် စကားပြောခွင့်ရတာ သူတို့အတွက် နောက်ဆုံးပဲ။ အိမ်ထောင်သက်တမ်း နှစ် ၅၀ ပြည့်ချိန်မှာပဲ သူတို့ခွဲခွာရတော့မယ်။ ကိုဗစ်-၁၉ ကြောင့် သူ့ဇနီးသည် ဘာဘရာက သူ့ကို ထားခဲ့တော့မယ်။ လွန်ခဲ့တဲ့ ၂ ပတ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရလို့ သူတို့လင်မယား ၂ ယောက် ဆေးရုံရောက်လာကြတယ်။ ဒါပေမဲ့ လူနာဆောင် မတူကြဘူး။
ဒီရက်ပိုင်းမှာ ဘာဘရာရဲ့အခြေအနေက တစ်နေ့တခြား ပိုပိုဆိုးလာတယ်။ နောက်ဆုံးအချိန် ရောက်နေတဲ့ ဘာဘရာကို သူ စကားပြောချင်တယ်။ ဖရင်လေပါ့ခ်ဆေးရုံမှာလည်း ဝန်ထမ်းအင်အား နည်းနေလို့ ကျန်းမာရေးဝန်ထမ်းတွေက ၂ ဆိုင်းဆက်တိုက် ဆင်းနေရတယ်။ ဒါပေမဲ့ သူတို့က နှလုံးသားရှိသူတွေပါ။ သူတို့ ပင်ပန်းနွမ်းနယ်နေတာကို ဘေးချိတ်ထားပြီး ဘာဘရာနဲ့ ဂျာရီတို့ တစ်သက်တာ နှုတ်ဆက်စကားပြောခွင့်ရအောင် စီစဉ်ပေးခဲ့တယ်။
ဂျာရီက ဘာဘရာရဲ့အခန်းထဲကို ဘီးတပ်ကုလားထိုင်နဲ့ ရောက်လာတယ်။ သူ ရောက်လာတာကို ဘာဘရာ မသိဘူး။ ဂျာရီ ငိုမိပြီ။ သူ့လက်လေးကို ကိုင်လိုက်တော့မှ ဘာဘရာ နိုးလာတယ်။ မျက်စိဖွင့်ကြည့်လိုက်ပြီး ဂျာရီကို မြင်တော့ သူ့မျက်ဝန်းမှာ ပျော်ရွှင်မှု အရိပ်အယောင်တွေ အထင်းသား။ သူတို့စကားတွေ တဖွဖွပြောကြတယ်။ တဖြည်းဖြည်းနဲ့ ဘာဘရာ အမောဖောက်လာချိန်မှာတော့ သူတို့နှုတ်ဆက်ခွဲခွာခဲ့ကြတယ်။
သူတို့က ဗြိတိန်နိုင်ငံ ဘာ့ခ်ရှိုင်းယားစီရင်စုမှာ နေထိုင်သူတွေပါ။ ဂျာရီက ၇၉ နှစ်၊ ဘာဘရာက ၇၅ နှစ်ရှိပြီ။ ဘာဘရာကိုတော့ လက်လျှော့ထားရပါပြီ။ ဂျာရီက ကျန်းမာရေးအခြေအနေ တိုးတက်လာတယ်ဆိုပေမဲ့ ရောဂါအခံတွေရှိလို့ ရောဂါသက်သာပျောက်ကင်းဖို့ အချိန်ယူရဦးမှာပါ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ သူ့မိဘနှစ်ပါးကို နောက်ဆုံးနှုတ်ဆက်စကားပြောခွင့်ရအောင် လုပ်ပေးခဲ့လို့ သမီးဖြစ်သူ ခလိုကတော့ ဆေးရုံဝန်ထမ်းတွေကို အရမ်းကျေးဇူးတင်နေတယ်။
Ref: BBC ” Covid-19: Bracknell couple’s ‘final meeting’ in hospital”
Nz ( ရိုးရာလေး )