ကပ်ရောဂါကာလအတွင်း ရင်သွေးယူသူတွေကို ထောက်ပံ့ကြေးပေးမယ်လို့ စင်ကာပူအစိုးရ ကမ်းလှမ်း

6-10-2020-yyl-018.jpg

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ရင်သွေးယူမယ့်သူတွေကို ထောက်ပံ့ကြေး တစ်လုံးတစ်ခဲတည်း ပေးအပ်သွားမယ်လို့ စင်ကာပူအစိုးရက ကမ်းလှမ်းထားပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ငွေရေးကြေးရေးနဲ့ အလုပ်အကိုင်အတွက် စိုးရိမ်ပူပန်နေကြလို့ စင်ကာပူနိုင်ငံသားတွေ ကလေးမယူကြမှာကို အစိုးရက စိုးရိမ်နေတာပါ။ စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ ကလေးမွေးဖွားနှုန်း မြင့်တက်လာအောင် ရုန်းကန်ခဲ့ရပါတယ်။

ကပ်ရောဂါကာလအတွင်း ရင်သွေးယူတဲ့သူတွေကို ထောက်ပံ့ကြေး ဘယ်လောက်ပေးမလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ ထောက်ပံ့ကြေး တစ်လုံးတစ်ခဲတည်းပေးမယ့်အပြင် ကလေးစရိတ် များများစားစား ပေးအပ်မယ်လို့လည်း အစိုးရက ဆိုပါတယ်။ လက်ရှိအချိန်မှာ ကလေးစရိတ်ရရှိဖို့ အကျုံးဝင်တဲ့ မိဘတွေကို စင်ကာပူအစိုးရက စင်ကာပူဒေါ်လာ ၁၀၀၀၀ အထိ ထောက်ပံ့ပေးလျက်ရှိပါတယ်။

စင်ကာပူနိုင်ငံဟာ ၂၀၁၈ ခုနှစ်က ၈ နှစ်တာကာလအတွင်း ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ယောက်ကို ကလေး ၁.၁၄ ဦးနှုန်းသာ မွေးဖွားခဲ့တာ တွေ့ရပါတယ်။ စင်ကာပူနိုင်ငံက ကလေးမွေးဖွားနှုန်းကျဆင်းလို့ စိုးရိမ်ပူပန်နေပေမဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာတော့ ကပ်ရောဂါကာလ ပိတ်ဆို့ထားချိန်မှာ ကိုယ်ဝန်ဆောင်သူ တဟုန်ထိုးမြင့်တက်လာလို့ အခက်တွေ့နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် အခုနှစ်ကုန်အထိ အသွားအလာ ကန့်သတ်လိုက်မယ်ဆိုရင် မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရသူ ၂.၆ သန်းအထိ မြင့်တက်လာလိမ့်မယ်လို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund)က ခန့်မှန်းထားပါတယ်။ အရှေ့တောင်အာရှမှာ ဒုတိယမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ လူဦးရေ ၁၀၈.၄ သန်းရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၀၇၀၀၀ ကျော် ရှိနေပါတယ်။

Ref: BBC ” Singapore offers ‘pandemic baby bonus’ to boost births”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top