ဇန်နဝါရီလအတွင်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံနိုင်ဖို့ အိန္ဒိယအစိုးရ မျှော်လင့်

18-12-2020-yyl07.jpg

လာမယ့်ဇန်နဝါရီလမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးဖို့ မျှော်လင့်ထားတယ်လို့ အိန္ဒိယနိုင်ငံ ပြည်ထောင်စု ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ကနေ အရေးပေါ်ထိုးနှံခွင့်ရမယ့် ကာကွယ်ဆေး နည်းနည်းပဲရှိလိမ့်မယ်လို့ အမည်မဖော်လိုသူ အရာရှိတွေက ပြောပါတယ်။

ကာကွယ်ဆေးကုမ္ပဏီ ၂ ခုက အရေးပေါ်အသုံးပြုခွင့်ပေးဖို့ လျှောက်ထားခဲ့ပြီး နောက်ထပ်ကုမ္ပဏီ ၆ ခုရဲ့ ကာကွယ်ဆေးတွေကတော့ စမ်းသပ်ထိုးနှံနေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေး ထိုးနှံရေးစီမံကိန်းဟာ လာမယ့်သြဂုတ်လအစောပိုင်းမှာ လူသန်း ၃၀၀ ကို ထိုးနှံပေးဖို့ ရည်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀ သန်းနီးပါးရှိပြီး လူ ၁၄၄,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာချိန်မှာ ကာကွယ်ဆေး ထိုးနှံရေးစီမံကိန်းတွေ ရေးဆွဲခဲ့တာပါ။

ဗြိတိန်နိုင်ငံ ဆေးဝါးကုမ္ပဏီ AstraZeneca နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံ သီရမ်သိပ္ပံက ဖော်စပ်တဲ့ Covishield ကာကွယ်ဆေး၊ အိန္ဒိယနိုင်ငံ ဆေးဝါးသုတေသနကောင်စီနဲ့ ပူးပေါင်းပြီး Bharat Biotech ကုမ္ပဏီက ဖော်စပ်တဲ့ Covaxin ကာကွယ်ဆေးတွေက အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ပေးဖို့ လျှောက်ထားခဲ့ပါတယ်။

နောက်ထပ်ကာကွယ်ဆေး ၆ မျိုးကတော့ စမ်းသပ်ဆဲအဆင့်မှာရှိပါတယ်။ စုစုပေါင်း ကာကွယ်ဆေး ၈ မျိုးထဲမှာ ၄ မျိုးကတော့ အိန္ဒိယရဲ့ ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

အိန္ဒိယအစိုးရက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကာကွယ်ဆေး ထုတ်လုပ်သူတွေထံကနေ ကာကွယ်ဆေးအဖုံရေ သန်းချီ ကြိုတင်မှာယူထားတယ်ဆိုတဲ့ ဖော်ပြချက်တွေကို အိန္ဒိယအရာရှိတွေက ငြင်းဆန်ခဲ့ပြီး အိန္ဒိယနိုင်ငံမှာရှိနေတဲ့ ကာကွယ်ဆေးပမာဏအတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။

Ref: BBC ” Covid vaccine: India expects to ‘begin vaccination in January’ “
Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply