အမေရိကန်နဲ့ ဂျပန်အထိ ခြေဆန့်ဖို့ ရှိနေတဲ့ WLC

yyl-014-21.jpg

World Lethwei Championship(WLC) အနေနဲ့ ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယမြောက်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ သွားရောက်ကျင်းပမှာဖြစ်တဲ့အပြင် ထိုင်း၊ အမေရိကန်၊ ဂျပန်နိုင်ငံတို့မှာ သွားရောက်ကျင်းပနိုင်ဖို့ အတွက်လည်း ဆွေးနွေးနေတယ်လို့ WLC ဥက္ကဋ္ဌ ဦးဇေသီဟက ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်မယ့် WLC လက်ဝှေ့ပွဲကို ဧပြီ ၃ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ တွဲဆိုင်း ၇ ဆိုင်း၊ ၈ ဆိုင်းလောက်ပဲ ပါဝင်သွားမှာ ဖြစ်ပါတယ်။

”ကမ္ဘောဒီးယားမှာ ကျင်းပမယ့်ပွဲမှာလည်း ၇ ဆိုင်း၊ ၈ ဆိုင်းလောက်ပဲ သွားမယ်။ မြန်မာကစားသမားတော့ နည်းမယ်။ ကမ္ဘောဒီးယားကစားသမား များမယ်။ မြန်မာကစားသမားထဲက ရန်နိုင်ထွန်း ပါပါမယ်”လို့ ဦးဇေသီဟက ပြောပါတယ်။ အခုလို အခြားနိုင်ငံတွေမှာ သွားရောက်ကျင်းပမယ့် WLC လက်ဝှေ့ပွဲတွေမှာ အမေရိကန်အခြေစိုက် နာမည်ကျော် UFC ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ ကစားသမားဟောင်းတွေလည်း ပါဝင်လာကြမှာ ဖြစ်ပါတယ်။

”UFC မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ကစားသမားဟောင်းတွေနဲ့ စာချုပ်ချုပ်ထားတာ ရှိတယ်။ ၂၀၂၀ မှာ ထိုးသတ်မယ့်ပြိုင်ပွဲတွေမှာ ဒီကစားသမားတွေလည်း ပါဝင်လာတော့မှာ ဖြစ်တယ်”လို့ WLC ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိန်ဖြိုးလှိုင်က ပြောပါတယ်။

WLC ကို ၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာအဆင့်မီလက်ဝှေ့ပွဲတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကရင်ပြည်နယ် စသဖြင့် မြန်မာနိုင်ငံအနှံ့ လိုက်လံကျင်းပနေခဲ့ရာကနေ အခုလို အခြား နိုင်ငံတွေမှာ သွားရောက်ကျင်းပဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ WLC အနေနဲ့ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမမြောက်ပွဲဖြစ်တဲ့ WLC BattleBones ကိုဇန်နဝါရီ ၃၁ ရက်၊ ညနေ ၅ နာရီခွဲကနေစတင်ပြီး ရန်ကုန်မြို့ရဲ့ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top