Courage (ရဲစွမ်းသတ္တိ)

the-khaki-squad-attack-PFTS62G-e1565879663285.jpg

သတ္တိ ဆိုတာ ဘာကို ခေါ်ပါသလဲ။ တစ်စုံ တစ်ယောက်နဲ့ ရန်ဖြစ်တာဟာ သတ္တိ ရှိတာလား။ တိုက်ရဲ ခိုက်ရဲတာဟာ သတ္တိလား။ သူများ မလုပ်ရဲတာကို လုပ်တာဟာ သတ္တိ လား။ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ သွားရဲလာရဲ သေရဲသတ်ရဲ တာဟာ သတ္တိ လား။ ပုံစံ တစ်မျိုးအနေနဲ့တော့ သတ္တိ ဖြစ်ရင် ဖြစ်နေမယ် (မိုက်ရူးရဲ ဆန်တာလည်း ဖြစ်ကောင်းဖြစ်မယ်)။ တစ်စုံတစ်ယောက် အတွက် မွေးသင့်တဲ့ သတ္တိမျိုးတွေက ကိုယ်ကျိုးစွန့် အနစ်နာ ခံတတ်တဲ့ စိတ်၊ တာဝန်ယူတတ်တဲ့စိတ်တွေ ဖြစ်ပါတယ်။

ကိုယ်ကျိုးစွန့် အနစ်နာ ခံတတ်တဲ့စိတ်

လိုင်းကားပေါ်မှာ သက်ကြီးရွယ်အိုတွေကို နေရာဖယ်ပေးတာမျိုးကစလို့ ကိုယ်စားမဲ့ အစားအစာ သူများ ခွဲဝေကျွေးတာ အလယ်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးပြီး ကာကွယ်တာ အဆုံး ရှိပါတယ်။ လူမှန်ရင် အတ္တ ရှိပါတယ်၊ ရှိတဲ့ အတိုင်းလည်း အတ္တဟိတက အရင်လာပါတယ်၊ ပြီးမှ ပရဟိတ လာပါတယ်။ အတ္တနည်းအောင် လျော့ချပြီး သူတစ်ပါးအကျိုးအတွက် ကိုယ်ကျိုးစွန့် လုပ်ကိုင်သင့်တာဖြစ်ပါတယ်။ ပရဟိတသမား နာမည်ခံပြီး ကိုယ်ကျိုးအတွက် ယူပြီးမှ အများအကျိုးဆောင်ရွက်တာမျိုးတွေဟာ ကျွန်တော်တို့နိုင်ငံမှာ ရှိနေပါတယ်။ ဒါဟာ ကိုယ်ကျိုးစွန့် အနစ်နာခံနေတာ မဟုတ်ပါဘူး။ အတ္တ လျော့ပါ၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပါ၊ အနစ်နာခံနိုင်ဖို့ သတ္တိကို မွေးရပါမယ်။

တာဝန်ယူတတ်တဲ့စိတ်

ဘာကိုတာဝန်ယူရမှာလဲ? ကိုယ်လုပ်သမျှ အားလုံး ကိုယ်တိုင် တာဝန်ယူရမှာပါ။ ကိုယ်ရဲ့ အမှိုက်တစ်စ လမ်းပေါ် ပစ်ချလိုက်လို့ စည်ပင်က သိမ်းရတာ ကိုယ့်ရဲ့ တာဝန်ယူမှု မရှိလို့ပါ။လမ်းပေါ်က ကွမ်းတံတွေးတွေ၊ အမှိုက်တွေ စလို့ ပညာမတတ် စာမသင်ရတဲ့ ကလေးတွေ အဲဒီထက်ပိုပြီး လောကထဲကို ရောက်လာခွင့်ကို မရခဲ့တဲ့ ကလေးတွေ အထိတွေးကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ်လုပ်တဲ့ လုပ်ရပ်အပေါ် ဘယ်လောက်တောင် တာဝန်ယူစိတ် ကင်းမဲ့သလဲ ဆိုတာ တော်တော်လေး ထင်ရှားပါတယ်။ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခု မှာ ဒီကိစ္စ ဟာ တော်တော်လေးကို အရေးကြီးပါတယ်။ ပညာတတ်နည်းပါးလာတာဟာ နိုင်ငံတိုးတက်မှုကို နှောင့်နှေးစေပါတယ်။ ကိုယ့်ရဲ့ တာဝန်ယူမှု မရှိတဲ့ လုပ်ရပ်တစ်ခုဟာ ဒီလောက်ထိ ထိခိုက်စေနိုင်တယ် ဆိုရင် ကျွန်တော်တို့ဟာ တာဝန်ယူရဲတဲ့ သတ္တိကို မွေးသင့်ပါပြီ။

ရန်ဖြစ် အော်ဆဲ ထိုးရဲကြိတ်ရဲ သတ်ရဲဖြတ်ရဲသူ တွေကို သတ္တိ ရှိတယ် မခေါ်ပါဘူး။ ကိုယ့်ကျိုးစွန့်ရဲတဲ့ သတ္တိ၊ တာဝန်ယူရဲတဲ့ သတ္တိ တွေကသာ ရှိသင့်ရှိထိုက်တဲ့ သတ္တိတွေ ဖြစ်ပါတယ်။ လူတိုင်း ထားနိုင်ခဲတဲ့ စိတ်ထားတွေဖြစ်ပါတယ်။လူမှန်ရင် ပတ်ဝန်းကျင်နဲ့နေရ၊ ထိတွေ့ ဆက်ဆံ ရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ်က အကောင်းတွေ မဖြည့်ဆည်းပေးနိုင်ရင်တောင် အနှောင့်အယှက် မပြုပါနဲ့။ ခုလို သတ္တိတွေကို ရအောင် မွေးပြီး ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုနိုင်အောင် ကြိုးစားပါ။ ရဲစွမ်းသတ္တိ ရှိကြပါစေ။

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top