PUBG MOBILE နှင့် သရုပ်ဆောင် နေထူးနိုင်တို့ ပူးပေါင်းစီစဉ်ကျင်းပပေးခဲ့သည့် အဆိုပါပြိုင်ပွဲတွင် ကျောင်းပေါင်း ၂၅၇ ကျောင်းမှ လူငယ်ဘောလုံးကစားသမား ၂,၃၆၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ကျပ် ၂၁၅ သိန်းအထိ ချီးမြှင့်ခဲ့ကာ PUBG MOBILE ၏ မြန်မာ့ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီမှုကို ထင်ဟပ်ပြသခဲ့သည်။

ဇူလိုင် ၂၈ရက်၊ ၂၀၂၆၊ ရန်ကုန်၊ မြန်မာ — ကမ္ဘာတစ်ဝန်းမှ လူကြိုက်များသော Mobile Game တစ်ခုဖြစ်သည့် PUBG MOBILE သည် မျိုးဆက်သစ် ကျောင်းသားလူငယ်များ၏ ဘောလုံးစွမ်းရည်များ၊ အသင်းလိုက်လုပ်ဆောင်နိုင်မှုနှင့် အားကစားစိတ်ဓာတ်များကို ပိုမိုမြှင့်တင်ရန် ရည်ရွယ်၍ နိုင်ငံကျော်သရုပ်ဆောင် နေထူးနိုင်နှင့် ပူးပေါင်းကာ “မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၄ နှစ်အောက် U-14 ဘောလုံးပြိုင်ပွဲကြီး” ကို အောင်မြင်စွာ ကျင်းပပြုလုပ်ပေးခဲ့သည်။ ယခုလုပ်ဆောင်မှုသည် PUBG MOBILE ၏ Esports ကဏ္ဍအပြင် မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပံ့ပိုးမှုကို ထပ်ဟပ်စေပြီး ကျောင်းသားလူငယ်များအနေဖြင့်လည်း ၎င်းတို့၏ အရည်အချင်းများကို ပြသနိုင်မည့် အခွင့်အရေးများကို ရရှိခဲ့ကြသည်။
အဆိုပါ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ U-14 ဘောလုံးပြိုင်ပွဲကြီးကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် တိုင်းအဆင့်ဟူ၍ အဆင့် ၃ ဆင့်ခွဲကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၅၇ ကျောင်းမှ ကျောင်းသားလူငယ် စုစုပေါင်း ၂,၃၆၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် မကွေးခရိုင်အသင်းမှ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယဆုကို အောင်လံခရိုင်အသင်းနှင့် တတိယဆုကို သရက်ခရိုင်အသင်းတို့မှ အသီးသီး ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့သည်။ ထို့အပြင် ပြိုင်ပွဲတွင် ထူးချွန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကစားသမားများအတွက် အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု စသည့် တစ်ဦးချင်းဆုများကိုလည်း ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ကျပ် ၂၁၅ သိန်းအထိ ပေးအပ်ခဲ့သည်။

PUBG MOBILE ၏ Country Manager ဖြစ်သူ Aman Kumar က “PUBG MOBILE အနေနဲ့ Esports အပြင် မြန်မာနိုင်ငံရဲ့ ဘောလုံးအားကစားကဏ္ဍ ဖွုံ့ဖြိုးတိုးတက်စေဖို့အတွက် ရည်ရွယ်ပြီး အစဉ်တစိုက် ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးနေပါတယ်။ အခုလို ဘောလုံးပြိုင်ပွဲကြီးကနေတစ်ဆင့် မျိုးဆက်သစ် လူငယ်ကစားသမားတွေရဲ့ ဘောလုံးအပေါ် စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ခွင့်ရခဲ့တဲ့အတွက်လဲ အလွန်ဝမ်းမြောက်မိပါတယ်။ ရှမ်းယူနိုက်တက်အသင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ပရော်ဖက်ရှင်နယ်အဆင့် ဘောလုံးအားကစားကို ပံ့ပိုးပေးခဲ့သလို အခုလို လူငယ်ဘောလုံးကဏ္ဍကို အားပေးပံ့ပိုးပေးတဲ့ အစီအစဉ်တွေကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ ဘောလုံးအားကစားကဏ္ဍဖွုံ့ဖြိုးရေးအတွက် ဆက်လက်ပါဝင်ပံ့ပိုးသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သရုပ်ဆောင် နေထူးနိုင်က “မြန်မာနိုင်ငံရဲ့ အနာဂတ် ဘောလုံးအားကစားကဏ္ဍအတွက် အရေးကြီးတဲ့ မျိုးဆက်သစ်လူငယ်ကစားသမားတွေကို အားပေးပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဘောလုံးပြိုင်ပွဲတစ်ခုကို ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ PUBG MOBILE ရဲ့ ယုံကြည်အားပေးမှုနဲ့ ပံ့ပိုးကူညီမှုတွေက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလို အစီအစဉ်တွေကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ ဘောလုံးအားကစားအတွက် အလားအလာရှိတဲ့ လူငယ်ကစားသမားတွေ ပိုမိုပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာ့ဘောလုံးအားကစားကဏ္ဍကို ပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် PUBG MOBILE သည် မြန်မာနိုင်ငံ၏ ထိပ်တန်းပရော်ဖက်ရှင်နယ် ဘောလုံးကလပ်တစ်ခုဖြစ်သည့် ရှမ်းယူနိုက်တက်အသင်း၏ တရားဝင်မိတ်ဖက်အဖြစ်လည်း ပါဝင်ပံ့ပိုးပေးလျက်ရှိသည်။ ယခုကျင်းပပြီးစီးခဲ့သော မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ U-14 ဘောလုံးပြိုင်ပွဲမှတစ်ဆင့်လည်း PUBG MOBILE သည် မျိုးဆက်သစ် လူငယ်ကစားသမားများအတွက် အခွင့်အရေးကောင်းများစွာ ဖန်တီးပေးနိုင်ခဲ့သည်။

PUBG MOBILE သည် အခြေခံအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်ထိ ဘောလုံးအားကစားကဏ္ဍတစ်လျှောက် ပံ့ပိုးပေးခြင်းဖြင့် Esports နှင့် မြန်မာ့ဘောလုံးအားကစားအသိုက်အဝန်းကို ပိုမိုချိတ်ဆက်နိုင်ရန်နှင့် မျိုးဆက်သစ် လူငယ်များအတွက် အခွင့်အရေးအသစ်များ ဖန်တီးပေးနိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ ဆက်လက်၍ PUBG MOBILE အနေဖြင့် မြန်မာ Esports အသိုက်အဝန်းအတွက်သာမက ဒေသတွင်း အားကစားကဏ္ဍများနှင့် အခြားသော ကဏ္ဍများတွင်ပါ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပံ့ပိုးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
NZ (ရိုးရာလေး)

