UNICEF နှလုံးလှသံတမန်လည်းဖြစ်တဲ့ အကျော်အမောဘောလုံးသမားဟောင်းဒေးဗစ်ဘက်ခမ်းဟာ မိန်းကလေးတွေအတွက် သာတူညီမျှမှုနဲ့ စွမ်းဆောင်နိုင်မှုတွေကို မြှင့်တင်ပေးဖို့ အိန္ဒိယနိုင်ငံကို အခုအပတ်မှာ အလည်အပတ်ရောက်ရှိလာခဲ့ပါတယ်။ ၄ ရက်တာခရီးစဉ်အတွင်း ဘက်ခမ်းဟာ အိန္ဒိယအစိုးရနဲ့ ပူးပေါင်းပြီး UNICEF ပံ့ပိုးပေးတဲ့အစီအစဉ်တွေက မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက် ဘယ်လို ကွဲပြားခြားနားမှုဖြစ်စေလဲဆိုတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။
![](https://yoyarlay.com/wp-content/uploads/2023/11/16.11.23-yyl-3.jpg)
ဘက်ခမ်းက Wankhede Stadium မှာ ပြုလုပ်တဲ့ India နဲ့ New Zealand ခရစ်ကတ်ကစားပွဲဆီမီးဖိုင်နယ်မတိုင်ခင် ခရစ်ကတ်အကျော်အမော ဗီရက် ကိုဟ်လီနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ခရစ်ကတ်ကစားပွဲကိုလည်း ကြည့်ရှုခဲ့ပါတယ်။
ဘက်ခမ်းဟာ ကလေးသူငယ်တွေကို ကျောင်းဆက်တက်အောင် ကူညီပေးပြီး ကလေးထိမ်းမြားလက်ထပ်တာနဲ့ ကလေးအလုပ်သမားတွေကို ငြင်းပယ်ဖို့ ကလေးတွေကို အားပေးကူညီပေးတဲ့ အစိုးရအရာရှိတွေနဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2023/11/16.11.23-yyl-4.jpg)
ဘက်ခမ်းဟာ ဂူဂျာရတ်တက္ကသိုလ်ရဲ့ Vikram Sarabhai Children Innovation Centre က လူငယ်တီထွင်သူတွေနဲ့ စွန့်ဦးတီထွင်သူတွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။ အမယ်ဒါဘတ်မြို့မှာတော့ သူက ပြောင်းလဲမှုတွေကို ဖန်တီးအောင် လူငယ်တွေကို လှုံ့ဆော်ပေးဖို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က Elixir နဲ့ UNICEF တို့ တည်ထောင်ခဲ့တဲ့ Gujarat Youth Forum က ကလေးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အသက် ၆ နှစ်မှာ ခရစ်ကတ်စကစားခဲ့ပြီး အခု ခရစ်ကတ်အသင်းမှာ ယောက်ျားလေးတွေကြား တစ်ဦးတည်းမိန်းကလေးအသင်းသားဖြစ်နေတဲ့ လူငယ်ခရစ်ကတ်ကစားသမား အသက် ၁၂ နှ်အရွယ် ပရာသာ ဗာနာနဲ့လည်း စကားပြောခဲ့ပါတယ်။ ချို့တဲ့နွမ်းပါးတဲ့ ကင်ဆာရောဂါသည်တွေအတွက် စာအုပ်ရောင်းရငွေတွေကို လှူဒါန်းပေးနေတဲ့ အသက် ၁၄ နှစ်အရွယ် စာရေးဆရာမလေး အာရာ ချာဗဒါနဲ့လည်း တွေ့ဆုံဖြစ်ခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2023/11/16.11.23-yyl-5.jpg)
“UNICEF နှလုံးလှသံတမန် ဒေးဗစ်ဘက်ခမ်းရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ဟာ ကလေးတိုင်းအတွက် တန်းတူအခွင့်အလမ်းနဲ့ အခွင့်အရေးတွေရဲ့ အရေးပါမှုဆိုင်ရာ သတင်းစကားကို မီးမောင်းထိုးပြနေပါတယ်။ သူ့ရဲ့ခရီးစဉ်က အထူးသဖြင့် မိန်းကလေးအားလုံးကို တန်းတူရည်တူအခွင့်အလမ်းတွေ ပံ့ပိုးပေးဖို့ UNICEF ရဲ့မစ်ရှင်ကို အားဖြည့်ပေးပါတယ်” လို့ UNICEF India ကိုယ်စားလှယ် စင်သီယာ မက်ကာဖရီက ဆိုပါတယ်။
Ref: David Beckham Cheers For Kohli, Promotes Equality And Empowerment For Girls On His First Visit To India
NZ (ရိုးရာလေး)