ဒေါက်တာဇီးဆီမှာ ဆေးခန်းပြဖို့ ငွေမလိုပါဘူး။ ကျန်းမာရေးအာမခံ ရှိစရာလည်း မလိုပါဘူး။ ဒေါက်တာဇီးလို့ ချစ်စနိုးခေါ်ကြတဲ့ ဒေါက်တာဇိုလီကော့ဖာဟာ ဘာတီမိုးမြို့ရဲ့ ဆင်းရဲသားရပ်ကွက်မှာ နေထိုင်သူတွေအတွက်တော့ နှလုံးလှ ဆရာဝန်တစ်ယောက်ပါပဲ။ သူ ဒီမှာ ဆေးခန်းဖွင့်လာတဲ့ နှစ်ပေါင်း ၄၀ ရှိနေပါပြီ။ သူ့ရဲ့ လက်သုံးစကားက ရှင်းပါတယ်။
” ငွေစက္ကူတွေကို မေ့ထားလိုက်စမ်းပါ။ ပိုက်ဆံ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လူနာကို စမ်းသပ်ပေးမှာပါ။ ဆေးခန်းထဲ ဝင်လာတဲ့လူတိုင်းကို ကြည့်ပေးမယ်။ လူနာနဲ့အတူ အဖော်လိုက်လာတဲ့သူပါရင် သူ့ကိုပါ ကြည့်ပေးမယ်”ဆိုတာ ဒေါက်တာဇီးရဲ့ လက်သုံးစကားပါပဲ။
အသက် ၆၆ နှစ်အရွယ်ရှိတဲ့ ဒေါက်တာဇီးဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာတော့ သူကိုယ်တိုင် လူနာ ဖြစ်ခဲ့ရပါတယ်။ ကျောက်ကပ်ကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာတွေ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ သူ့ရဲ့ ကင်ဆာရောဂါကို ကုသနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပြီး Medicare စနစ်ရဲ့ စည်းမျဉ်းနဲ့ မကိုက်ညီတာကြောင့် သူ့ရဲ့ ကျန်းမာရေးအာမခံကလည်း အသုံးမဝင်တဲ့ အနေအထား ဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီသတင်းက ဘာတီမိုးမြို့ ဆင်းရဲသားရပ်ကွက်မှတစ်ဆင့် ဒေါက်တာဇီးရဲ့ လူနာတွေဆီ ပျံ့နှံ့သွားခဲ့ပါတယ်။ အထက်တန်းကျောင်း အတူတူ တက်ခဲ့တဲ့ သူငယ်ချင်း မိုက်ကယ်ဟေးနီက ဒေါက်တာဇီးအတွက် GoFundMe ပေ့ချ်တစ်ခု ဖွင့်လှစ်ခဲ့ပြီး လူ ၃၄၀၀ ကျော်က သူ့အတွက် လှူဒါန်းခဲ့ရာမှာ အလှူငွေ အမေရိကန်ဒေါ်လာ ၂၈၀၀၀၀ ကျော် ရရှိခဲ့ပါတယ်။
လူတွေအပေါ်ထားတဲ့ သူ့မေတ္တာ ရောင်ပြန်ဟပ်တယ်ဆိုတာ သိလိုက်ရပြီး နောက်မှာတော့ ဒေါက်တာဇီးက ” ကင်ဆာဖြစ်တာကိုတောင် ကျေးဇူးတင်မိပါတယ်။ ဒါဟာ ကိုယ့်ဖြစ်တည်မှုပါပဲ။ ကျွန်တော်တို့ရဲ့ ပေးဆပ်မှုတွေအကြောင်းပါပဲ။ သူတို့မရှိရင် ကျွန်တော် ဒီအခြေအနေကို ကျော်ဖြတ်နိုင်မှာမဟုတ်သလို ကျွန်တော် မရှိရင်လည်း သူတို့ အလားတူ ဖြစ်မှာပါ’ လို့ ဆိုပါတယ်။
Ref: Doctor Gave Free Care to Patients for Decades–Now They’ve Raised $280,000 to Pay for His Cancer Treatment
NZ ( ရိုးရာလေး)

