ရိုက်ကွင်းကနေ ဒဏ်ရာဒဏ်ချက်တွေနဲ့ အိမ်မပြန်ဘူးဆိုရင် အလုပ်အတွက် ဘယ်လောက်ပေးစပ်လိုက်လဲဆိုတာ ဘယ်လိုပြမလဲဆိုတဲ့ ဒွန်နီယန်း

11-8-2021-yyl01.png

သြဂုတ်လ ၁၀ ရက်နေ့က စင်ကာပူနိုင်ငံမှာ ကိုဗစ်စည်းမျဉ်းတွေကို ဖြေလျော့ပေးလိုက်ပါပြီ။ ရုပ်ရှင်ရုံတွေလည်း အခုအပတ်ထဲ ပြန်ဖွင့်တော့မှာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၃ ရက်နေ့မှာ ဒါရိုက်တာ ဘန်နီ ချန် (Benny Chan) ကင်ဆာရောဂါနဲ့ မသေဆုံးခင် ရိုက်ကူးခဲ့တဲ့၊ အက်ရှင်မင်းသားကြီး ဒွန်နီယန်းနဲ့ နီကိုလက် တဆဲတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Raging Fire ဇာတ်ကားကိုလည်း အခုလထဲ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

အဲဒီဇာတ်ကားမှာ အက်ရှင်ခန်းများစွာ၊ ကားနဲ့လိုက်ရတဲ့အခန်းတွေပါဝင်တဲ့အတွက် ပရိသတ်တွေကို စိတ်ကျေနပ်မှုဖြစ်စေမယ့် အက်ရှင်ဇာတ်ကားကောင်းဖြစ်မှာပါ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အက်ရှင်မင်းသားကြီး ဒွန်နီယန်းကို သတင်းဌာနတစ်ခုက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒွန်နီယန်းက John Wick 4 ကို ရိုက်ကူးနေတဲ့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ကနေ ဇာတ်ကားအသစ်အကြောင်းကို မျှဝေခဲ့တာဖြစ်ပါတယ်။

အက်ရှင်ခန်းတွေ ရိုက်ကူးရင် ထိခိုက်ဒဏ်ရာရခဲ့လားဆိုတဲ့ မေးခွန်းကတော့ အင်တာဗျူးမှာ ကြုံတွေ့ရမယ့် ရှောင်လွှဲလို့မရတဲ့အရာပါပဲ။ Raging Fire ရဲ့လူဆိုးနဲ့ တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်းရိုက်တော့ ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာတွေရှိခဲ့ပြီး ပွန်းပဲ့ဒဏ်ရာတွေနဲ့ပဲ အိမ်ကို ပြန်ခဲ့တာပါ။ “ကျွန်တော့်ရဲ့ခန္ဓာကိုယ်က အက်ရှင်ဇာတ်ကားရိုက်တဲ့အချိန်တိုင်း အဲဒီအတိုင်းပါပဲ။ Raging Fire အကြောင်း ပြောနေတာတော့မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော် John Wick 4 ကို ရိုက်ကူးနေတယ်။ အဲဒီလိုပဲ ကျွန်တော်အိမ်ပြန်သွားတယ်။ သာမန်ပါပဲ။ ကျွန်တော်သာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ အလုပ်ကနေ အိမ်မပြန်ဘူးဆိုရင် အလုပ်အတွက် ဘယ်လောက်ပေးစပ်လိုက်တာလည်းဆိုတာ ကျွန်တော် ဘယ်လိုပြမလဲ”လို့ ဒွန်နီယန်းက ဆိုပါတယ်။

ဇာတ်ကားတွေအပေါ်ရူးသွပ်ပြီး ကိုယ့်ကိုယ်ကို မျှော်လင့်ချက်ကြီးကြီးထားတယ်လို့လည်း ဒွန်နီယန်းက ဆိုပါတယ်။ အက်ရှင်ဇာတ်ကားတွေ နှစ်ပေါင်းများစွာ ရိုက်ကူးလာခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ထိခိုက်ဒဏ်ရာတွေက များလာခဲ့ပြီး ဇာတ်ကားတစ်ကားစီတိုင်းမှာ ပိုဆိုးရွားလာခဲ့တယ်။ ဒဏ်ရာဟောင်းအပါအဝင် သူ့ရဲ့ထိခိုက်ဒဏ်ရာတွေက ဘယ်တော့မှလည်း သက်သာလာမှာမဟုတ်သလို နာကျင်မှုက နိစ္စဓူဝပါပဲလို့ ဒွန်နီယန်းပြောပါတယ်။

“ဒါဟာ စိတ်ပိုင်းဆိုင်ရာတစ်ခု ဖြစ်လာတယ်။ သင်ဟာ အက်ရှင်ဇာတ်ကားတစ်ကားရိုက်ကူးချင်ရင် အဲဒါကို အကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်အောင်လုပ်ရတယ်။ တစ်နေ့တာ ရိုက်ကူးရေးပြီးတဲ့အခါ ကျောကို ဆန့်လို့မရမှန်းသိရက်နဲ့၊ ကိုယ့်ကိုယ်ကို နာကျင်နေမှန်းသိရက်နဲ့ အိမ်ပြန်လာခဲ့တယ်။ ကြောက်စရာကောင်းတယ်လို့ခံစားရတယ်။ ရေချိုးပြီးအိပ်ရာဝင်တယ်၊ ဒါပေမယ့် အိပ်လို့မရဘူး”လို့ ဒွန်နီယန်းက ဆိုပါတယ်။

ဒွန်နီယန်းက သူ့ကို ဇာတ်ကားကောင်းကောင်းရိုက်ကူးနိုင်အောင် ခွင့်ပြုပေးပြီး သူတို့ရဲ့ဟောင်ကောင်ထုတ်လုပ်ရေးကုမ္ပဏီကို အပြည့်အဝဂရုစိုက်ပေးတဲ့ သူ့ရဲ့ဇနီး ဆစ်စီ ဝမ် (Cissy Wang) ကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။

Raging Fire ကို သြဂုတ်လ ၁၉ ရက်နေ့ စင်ကာပူနိုင်ငံမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ Raging Fire ဇာတ်ကားမှာ ဒွန်နီယန်း သရုပ်ဆောင်ထားတဲ့ ရဲထောက်လှမ်းရေးအရာရှိ Cheung Sung Pong က အရမ်းဖြောင့်မတ်မှန်ကန်တဲ့သူဖြစ်ပြီး ရန်သူတော်တော်များများနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

Ref: AsiaOne “Donnie Yen: If I don’t return home with bruises and injuries, how do I show how much I’ve given to my work?”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top