သေဆုံးမှုနှုန်းတိုးလာသလို ICU မှာ ကုသမှုခံယူနေရတဲ့သူလည်း မနည်းဘူးလို့ ဒေါက်တာခင်ခင်ကြီးသတိပေး

10-9-2020-yyl-025.jpg

ရန်ကုန် စက်တင်ဘာ ၁၁
လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုတွေဟာ ပထမအကြိမ်နဲ့နှိုင်းယှဥ◌်ရင် ၄ ဆခွဲနီးပါး ဖြစ်ပွားနေတဲ့အပြင် သေဆုံးမှုနှုန်းတွေလည်း တိုးလာသလို အထူးကြပ်မတ်ကုသမှုခံယူနေရတဲ့သူလည်း မနည်းဘူးလို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေးလိုက်ပါတယ်။

အခုလိုသေဆုံးသူတွေကို စေ့ငုကြည့်ရင် နောက်ခံရောဂါရှိသူတွေမှာ သေဆုံးတာဖြစ်ပေမယ့် သေဆုံးတဲ့ အသက်အရွယ်ကို ကြည့်တဲ့အခါ အသက် ၅၀ ဝန်းကျင်တွေများလာတာကို တွေ့ရမှာဖြစ်သလို ကိန်းဂဏန်းအနေနဲ့ လည်း ဒီအပတ်အတွင်း ၈ ယောက်ဖြစ်နေတယ်လို့ ၎င်းက ဆိုပါတယ်။

”သေဆုံးသူဟာ ကိုယ့်မိဘ ကိုယ့်မိသားစုဝင်ဖြစ်မယ်ဆိုရင် ဘယ်လောက်စိတ်မကောင်းစရာကောင်းလိုက် မလဲ။ တွေးတောင်တွေးမကြည့်ရဲစရာပါ။ ဒါပေမဲ့ ဒါဟာ စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် ရှောင်လွဲလို့ ဖြစ်နိုင် ပါတယ်”လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
လက်ရှိမှာ မိသားစုလိုက်ကူးစက်ခံရပြီးတော့ ဖခင်ဖြစ်သူဆုံးပါးသွားတာမျိုးရှိလာတဲ့အပြင် အထူးကြပ်မတ် ကုသဆောင်(ICU)မှာ ကုသမှုပေးနေရသူ ၁၅ ဦးနဲ့ ပြင်းထန်လက္ခဏာရှိလို့ အောက်ဆီဂျင်ပေးနေရသူ ၁၅ ဦးလည်း ရှိနေတာမို့ လုံးဝမပေါ့ဆသင့်ဘူးလို့လည်း ၎င်းက သတိပေးထားပါတယ်။

အရင်ကဆိုရင် ပြည်ပကူးစက်မှုက ၆၀ ရာခိုင်နှုန်းကျော်ရှိပေမယ့် အခုတစ်ကြိမ်ဖြစ်ပွားမှုမှာ ၁၅ ရာခိုင်နှုန်းသာ ရှိပြီး ပြည်တွင်းကူးစက်မှုက ၈၅ ရာခိုင်နှုန်းရှိနေတာကိုတွေ့ရတဲ့အတွက် ပြည်တွင်းကူးစက်မှုက အဆမတန်မြင့်တက် လာတာကို တွေ့နေရတယ်လို့ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ Facebook စာမျက်နှာမှတစ်ဆင့် အသိပေးထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top