ကင်ဆာရောဂါသည်တွေအတွက် တစ်ခါမှမညှပ်ခဲ့ဖူးတဲ့ဆံပင်ကို ညှပ်ပစ်ခဲ့တဲ့ ကောင်လေး

11-9-2020-yyl-001.jpg

ဓာတုကုထုံးနဲ့ အခြားကုသနည်းတွေကြောင့် ကင်ဆာရောဂါသည်တွေက သူတို့ရဲ့ဆံပင်တွေကို ဆုံးရှုံးကြရပါတယ်။ အဲဒီလိုဆုံးရှုံးလိုက်ရတဲ့အတွက် ရောဂါကို တွန်းလှန်ဖို့အတွက် သူတို့ကိုယ့်ကိုယ်ကိုယ် အားပေးဖို့အတွက်ရော ယုံကြည်ချက်ရှိလာစေဖို့အတွက်ပါ ဆံပင်အတုတပ်ဖြစ်ကြပါတယ်။ ကင်ဆာရောဂါသည်တွေကို ပံ့ပိုးကူညီတဲ့အနေနဲ့ လူတော်တော်များများက ဆံပင်အတုလုပ်ဖို့အတွက် ဆံပင်တွေကို လှူဒါန်းကြပါတယ်။ မိမိရဲ့ဆံပင်ကို ညှပ်ပြီး ကင်ဆာရောဂါသည်တွေကို လှူဒါန်းပေးတဲ့လူတွေထဲမှာ အင်္ဂလန်က ရေးလ်လီ စဆန်ကွန်ဘီ (Reilly Stancombe) ဆိုတဲ့ ၉ နှစ်သားလေးလည်း ပါဝင်ပါတယ်။

သြဂုတ်လမှာ ရေးလ်လီဟာ အသက်ငယ်ငယ်လေးနဲ့ ကင်ဆာရောဂါခံစားနေရတဲ့သူတွေကို ကူညီဖို့အတွက် သူ့ဆံပင်ကို ပထမဆုံးအကြိမ်အဖြစ် ညှပ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရေးလ်လီက ဆံပင်ရှည်နဲ့ ဘောလုံးသမား ဂါရက်သ် ဘေးလ် (Gareth Bale) ကို အားကျနှစ်သက်တဲ့အတွက် ငယ်ငယ်လေးကတည်းက ဆံပင်ရှည်ထားခဲ့တာပါ။ သူဟာ မွေးကတည်းက ဝမ်းပြဿနာရှိတဲ့အတွက် ဆရာဝန်နဲ့ ပြသနေရပါတယ်။ မကြာသေးခင်က လန်ဒန်နိုင်ငံ၊ Ormond Street Hospital မှာ ဆရာဝန်နဲ့ ရက်ချိန်းယူပြီး လာပြတဲ့အချိန်မှာ ဆံပင်အတုတွေနဲ့ ငယ်ရွယ်တဲ့ကင်ဆာရောဂါသည်တွေကို ကူညီပေးနေတဲ့ The Little Princess Trust အဖွဲ့အစည်းကို မြင်ခဲ့ပါတယ်။

အဲဒီရောဂါသည်ကလေးတွေအတွက် သူ့ဆံပင်ကို လှူဒါန်းပြီး ကူညီချင်တယ်လို့ သူ့အမေကို ရေးလ်လီက ပြောခဲ့တာပါ။ အဲဒီနောက် ရေးလ်လီက ဆံပင်ညှပ်ဆိုင်ကို သွားခဲ့ပြီး (၂) ပေကျော်ရှိတဲ့ သူ့ဆံပင်ကို ညှပ်ပစ်ခဲ့ပါတယ်။ သူဟာ ညှပ်ပစ်လိုက်တဲ့ ဆံပင်စတိုင်အသစ်ကို သဘောကျနှစ်သက်ခဲ့ပြီး “ကင်ဆာရောဂါသည်တွေမှာ ရှိခဲ့တဲ့ အရာတွေကို ရောဂါကြောင့် အဝေးကို ယူသွားခဲ့ရပါတယ်။ သူတို့ ဆံပင်ကိုသာ နောက်ထပ်ပိုင်ဆိုင်ရတဲ့အတွက် သူတို့ ပျော်ရွှင်အောင်လုပ်နိုင်မယ်လို့ သားမျှော်လင့်ပါတယ်” လို့ပြောပါတယ်။

ရေးလ်လီက သူ့ရဲ့ဇာတ်လမ်းကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပြီးတဲ့နောက်မှာ The Little Princess Trust အဖွဲ့အစည်းက ကင်ဆာရောဂါသည်တွေအတွက် ဆံပင်အတုပြုလုပ်ဖို့ ရန်ပုံငွေ ဒေါ်လာ ၆၄၅,၇၈၀ လည်း ရရှိခဲ့တဲ့အပြင် ဆံပင်လှူဒါန်းသူတွေလည်း ရှိခဲ့ပါတယ်။ သူ့ဇာတ်လမ်းလေးက ကင်ဆာရောဂါကို တွန်းလှန်နေရတဲ့သူတွေကို အားပေးကူညီမှုတွေပေးဖို့ အခြားသူတွေကို လှုပ်ဆော်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် ရေးလ်လီက ဆံပင်အတိုလေးနဲ့ ကြည့်ကောင်းလို့နေပါတယ်။

Ref: 9-Year-Old Boy Gets First Haircut In His Life Just To Donate His Locks To Young Cancer Patients

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top