ဒေါက်တာ ဟန်ဂရီယာက စိုက်ပျိုးရေးသိပ္ပံနယ်ပယ်မှာ ကျော်ကြားတဲ့ ဘရာဇီးသုတေသနပညာရှင်ပါ။ မြေဆီလွှာ အဏုဇီဝဗေဒမှာ သူ့ရဲ့ကြံဆလုပ်ဆောင်မှုတွေကြောင့် စိုက်ပျိုးရေးလောကရဲ့ နိုဘယ်ဆုလို့ တင်စားကြတဲ့ ၂၀၂၅ ကမ္ဘာ့စားနပ်ရိက္ခာဆု (2025 World Food Prize) ဆွတ်ခူးခဲ့သူပါ။
သူဟာ သဘာဝဘက်တီးရီးယားတွေကို အသုံးပြုပြီး သီးနှံပင်တွေ ကြီးထွားသန်မာစေမယ့် ဇီဝနည်းပညာ ၃၀ ကျော်ကို ဖန်တီးပေးခဲ့သူပါ။ ဘက်တီးရီးယားတွေကို အသုံးပြုတဲ့ ဇီဝနိုက်ထရိုဂျင်ဖမ်းယူမှုနည်းလမ်း ရှာဖွေပြီး ဓာတ်မြေသြဇာ မှီခိုမှု လျှော့ချဖို့ ကြိုးပမ်းခဲ့သူပါ။ သူ့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကြောင့် တောင်အမေရိကတိုက်တဝှမ်းမှာ ပဲပိစပ်နဲ့ အခြားအရေးကြီး သီးနှံပင်တွေ အထွက်နှုန်းတိုးတက် ကောင်းမွန်လာခဲ့ပါတယ်။
ဘရာဇီးတစ်နိုင်ငံတည်းမှာတင် ဒေါက်တာဟန်ဂရီယာရဲ့နည်းလမ်းတွေကို အသုံးပြု စိုက်ပျိုးနေတဲ့ စိုက်ပျိုးမြေအကျယ်အဝန်းဟက်တာ သန်း ၄၀ ကျော်ရှိနေပါတယ်။ သူ့ရဲ့နည်းလမ်းတွေကြောင့် တောင်သူတွေဟာ နှစ်စဉ် ဓာတ်မြေသြဇာစရိတ် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ ကျော် ခြွေတာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏကလည်း တစ်နှစ်တာအတွင်း ကုဗတန် သန်း ၁၈၀ ကျော် အထိ ကျဆင်းသွားခဲ့ပါတယ်။
ဒေါက်တာဟန်ဂရီယာရဲ့နည်းလမ်းတွေဟာ ကုန်ကျစရိတ် နည်းပါးပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအတွက် အရေးပါတဲ့ အားထုတ်ကြိုးပမ်းမှုတစ်ရပ်လို့ သတ်မှတ်ခံထားရပြီး ဓာတ်မြေသြဇာ အဆုံးသတ်သွားစေနိုင်မယ့် ရှာဖွေတွေ့ရှိမှုလို့တောင် သုံးသပ်ထားကြပါတယ်။
Ref: Dr. Mariangela Hungria Named 2025 World Food Prize Laureate for Revolutionary Work in Soil Microbiology
NZ (ရိုးရာလေး)

