စိတ်ထားမွန်မြတ်လှတဲ့လူတွေကြောင့် အခိုးခံလိုက်ရတဲ့ခွေးလေးကို မိုင် (၂၀၀၀) အကွာအဝေးမှာ ပြန်ရှာတွေ့

yyl-026-13.jpg

ကျွန်တော်တို့မွေးထားတဲ့အိမ်မွေးတိရစ္ဆာန်တွေကလည်း ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေလိုပါပဲ။ သူတို့ကို မိသားစုဝင်လိုသဘောထားတဲ့အတွက် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ပျောက်သွားရင် စိုးရိမ်ပူပန်ရပြီး သူ့ကို ပြန်ရှာတွေ့ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားရှာဖွေကြရပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့နိုင်ငံနဲ့ မြို့မှာ မရှိတော့ဘဲ အခြားနေရာကို ရောက်သွားတာတွေရှိပါတယ်။ အဲဒီလိုဖြစ်လာရင် မြို့အနှံ့မှာ၊ နိုင်ငံအနှံ့မှာ ကူညီရှာဖွေပေးမယ့် စိတ်ထားမွန်မြတ်လှတဲ့လူတွေရှိနေပါတယ်။

ဇုစ် (Zeus) အမည်ရှိတဲ့ Pit Bull အမျိုးအစားခွေးလေးတစ်ကောင်ဟာ မွန်းတားနားမှာ သူ့သခင်တွေနဲ့ နေထိုင်ရင်း အောက်တိုဘာလမှာ အခိုးခံလိုက်ရပါတယ်။ ကံကောင်းစွာနဲ့ပဲ သူ့သခင် ကတ်ဆန်ဒရား (Cassandra) က သူ့ကို လွန်ခဲ့တဲ့တစ်ပတ်လောက်က မိုင် (၂၀၀၀) ကျော်ကွာဝေးလှတဲ့ အခြားမြို့မှာ ပြန်ရှာတွေ့ခဲ့ပါတယ်။

ပြန်ရှာတွေ့ခဲ့တဲ့နေရာက မွန်းတားနားနဲ့ အရမ်းဝေးလှပါတယ်။ ဒါပေမဲ့ ပရဟိတအဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ Many Paws Volunteer Transport နဲ့ Kanawha Charleston Humane Association တို့က အကူအညီပေးခဲ့ပါတယ်။ ဇုစ်ကို အိမ်ပြန်ခေါ်လာပေးဖို့အတွက် စေတနာ့ဝန်ထမ်း (၁၂) ဦးကျော်က ကူညီပေးခဲ့တာပါ။ ခရစ်စမတ်အချိန်အခါနဲ့အကိုက်ပဲ ဇုစ်က ပြန်လာရောက်ရှိလာခဲ့ပါတယ်။

ဇုစ်ရဲ့သခင်က မိုင် (၂၀၀၀) အဝေးမှာ ပြန်ရှာတွေ့ခဲ့တဲ့ သူ့ခွေးလေးဟုတ်လားမဟုတ်လားဆိုတာ သေချာအောင်သိရဖို့အတွက် FaceTime ကို အသုံးပြုခဲ့ပါတယ်။ ဇုစ်က ပေါင်ချိန် (၇၃) ပေါင်ရှိပြီး အရမ်းထွာပါတယ်။ ဒါကြောင့်လည်း သခင်ဆီပြန်ရောက်ဖို့အတွက် စေတနာ့ဝန်ထမ်းများစွာက ကူညီပေးခဲ့ရတာပါ။

ဇုစ်ကို သူ့သခင်နဲ့ ပြန်လည်တွေ့ဆုံခွင့်ရဖို့အတွက် စေတနာ့ဝန်ထမ်း (၁၅) ဦးက ပြည်နယ် (၉) ခုဖြတ်ပြီး (၄) ရက်ကြာ ကားနဲ့ခရီးနှင်ခဲ့ရပါတယ်။ “ဝမ်းသာစရာပါပဲ။ ဒါက အကူအညီလိုနေတဲ့ အမေရိကန်တစ်ဝိုက်က အဖွဲ့အစည်းတွေ၊ လူတွေကို ပြဖို့အတွက်၊ ဒီခွေးလေးကိုသူ့မိသားစုနဲ့ ပေါင်းစည်းဖို့အတွက် ကောင်းတဲ့အတွေ့အကြုံ၊ ကောင်းတဲ့အခွင့်အရေးပါပဲ” လို့ စေတနာ့ဝန်ထမ်းတွေထဲက တစ်ယောက်က ပြောပါတယ်။

ဇုစ် အိမ်ကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာ ကတ်ဆန်ဒရားရဲ့ကလေးတွေကအပြေးအလွှားသွားပြီး ထွေးပွေ့တာကို ကတ်ဆန်က ဝမ်းသာပီတီမျက်ရည်ကျခဲ့ရပါတယ်။ ဇုစ်ကလည်း သူ့ကို ချစ်တဲ့လူတွေနဲ့ ပြန်တွေ့ဆုံရတဲ့အတွက် အရမ်းဝမ်းသာပျော်ရွှင်နေပါတယ်။ အခုဆိုရင် ပရဟိတအဖွဲ့အစည်းတွေကြောင့် ဇုစ်က သူ့သခင်တွေနဲ့ ပြန်ဆုံစည်းခွင့်ရသွားခဲ့ပါပြီ။

Ref: Stolen Pit Bull Found 2,000 Miles Away Returns Home For Christmas With The Help Of 15 Volunteers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top