သမီးဖြစ်သူကို ဒစ်စနေရုပ်ရှင်အချို့ ကြည့်ခွင့်ပိတ်ပင်ထားတဲ့ မင်းသမီး ကီရာနိုက်(တ်)လေ

44506902_1193691717449239_2802193765224153088_n.jpg

မင်းသမီး ကီရာနိုက်(တ်)လေကတော့ ဒစ်စနေရုပ်ရှင်တွေထဲက မင်းသမီးဇာတ်ရုပ်ကို သဘောမတွေ့တာကြောင့် သုံးနှစ်အရွယ်သမီးဖြစ်သူကို ရုပ်ရှင်ကြည့်ခွင့်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ သမီးဖြစ်သူ အက်ဒီကတော့ စင်ဒရဲလားနဲ့ ရေသူမ ရုပ်ရှင်ဆိုတာ ဘာမှန်းတောင် သိခွင့်မရပါဘူး။

“စင်ဒရဲလားက သူ့ရဲ့ဘဝကို ကယ်တင်နိုင်မယ့် ချမ်းသာတဲ့ ကောင်လေးတစ်ယောက်ကို စောင့်နေရတယ် ဆိုတာမျိုး မဖြစ်သင့်ဘူး။ တကယ်တော့ ကိုယ့်ဘဝကိုယ် ကယ်တင်နိုင်ရမှာ” လို့ ကီရာက ဆိုပါတယ်။

ရေသူမ ရုပ်ရှင်ကျပြန်တော့လည်း အမျိုးသားတစ်ယောက်အတွက်နဲ့ ကိုယ့်ရဲ့ ပင်ကိုယ်အသံကို အလဲအလှယ်လုပ်လိုက်ရတာမျိုးက မတန်ဘူးလို့ ကီရာက ဆိုပြန်ပါတယ်။

ဒစ်စနေရုပ်ရှင်အားလုံးကို မကြည့်ရဘူးလို့ တားမြစ်ထားတာ မဟုတ်ပေမဲ့ Finding Dory ၊ Frozen နဲ့ Moana တို့ကတော့ အရမ်းကောင်းတဲ့အတွက် သမီးဖြစ်သူကို ကြည့်ခွင့်ပေးထားပါတယ်။ ကီရာကိုယ်တိုင်ကတော့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ဒစ်စနေက ထွက်ရှိမယ့် “The Nuctcracker and the Four Realms” မှာ Sugar Plum Fairy အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒစ်စနေရုပ်ရှင်တွေကို ဝေဖန်လိုက်တဲ့ နောက်ထပ်မိခင်တစ်ယောက်ကတော့ မင်းသမီး ခရစ္စတင်းဘဲလ် ဖြစ်ပါတယ်။ Frozen ထဲမှာ အန်နာနေရာက ပါဝင်ထားတဲ့ ခရစ္စတင်းက အမျိုးသမီးဝါဒီအကြောင်း အချေအတင် ပြောဖို့ အားသန်သူပါ။ စနိုးဝှိုက်ထဲမှာ ပန်းသီးကိုစားရမယ့်အကြောင်းအရင်းနဲ့ ဒီပန်းသီး ဘယ်နေရာကရလဲဆိုတာ စုန်းမကြီးကို မမေးတာက ကြောင်တောင်တောင်နိုင်လိုက်တာလို့ ခရစ္စတင်းက အတွေးပေါက်နေတာ ဖြစ်ပါတယ်။

ဒီလိုမျိုး အမျိုးသမီးဝါဒီကို ကိုင်စွဲပြီး အပြင်းအထန် ဝေဖန်နေတဲ့ မင်းသမီးနှစ်လက်အတွက် အကြိုက်တွေ့မယ့် ဒစ်စနေရုပ်ရှင်ကောင်းကတော့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထွက်ရှိမယ့် “Wreck-It Ralph 2” ပဲ ဖြစ်ပါလိမ့်မယ်။ ဒီထဲမှာတော့ Ralph နဲ့ Vanellope တို့က အင်တာနက်ထဲ ရောက်သွားမှာဖြစ်ပြီး ဒစ်စနေမင်းသမီးလေးတွေဖြစ်တဲ့ ဘဲလ် ၊ အေရီရယ် နဲ့ ပိုကာဟွန်းတက်စ်တို့လည်း ပါဝင်သွားမှာပါ။ ဒီရုပ်ရှင်ထွက်ရှိလာရင်တော့ ကီရာနဲ့ ခရစ္စတင်းတို့ အကြိုက်တွေ့မယ့် မင်းသမီးဇာတ်ရုပ်တွေ ပါမှာဖြစ်လို့ သူတို့သားသမီးတွေကို ကျိန်းသေပေါက် ကြည့်ခွင့်ပြုမယ် ထင်ပါတယ်။

Ref: bbc “Knightly bans some Disney films at home”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top