ရည်းစားဟောင်းနဲ့ပတ်သက်တဲ့အငြင်းပွားဖွယ်ရာကိစ္စအတွက် တောင်းပန်စာထုတ်ပြန်ခဲ့တဲ့ မင်းသားကင်ဆွန်းဟို

21-10-2021yyl04.jpg

အောက်တိုဘာ ၁၈ ရက်နေ့က အမျိုးသမီးတစ်ဉီးဟာ အွန်လိုင်းစာမျက်နှာထက်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အဲဒီပို့စ်ကတော့ သူ တွဲခဲ့တဲ့ မင်းသားတစ်ယောက်က သူကို လက်ထပ်ယူမယ်ပြောပြီး ကိုယ်ဝန်ရလာတော့ တာဝန်မယူဘဲ အတင်းအကျပ်ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တယ်ဆိုတာပါပဲ။ အမည်မဖော်လိုသူအမျိုးသမီးက ကိုယ့်ကိုယ်ကို မင်းသားရဲ့ရည်းစားဟောင်းအဖြစ် မိတ်ဆက်ခဲ့တဲ့အပြင် သူတို့နှစ်ယောက်ပြတ်သွားတာ ၄ လ ကျော်ကြာပြီလို့လည်း ပြောခဲ့ပါတယ်။ ပို့စ်မှာ မင်းသားရဲ့နာမည်ကို ဖော်ပြထားခြင်းတော့မရှိပါဘူး။ ဒါပေမဲ့ မီဒီယာတွေကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး မကြာသေးခင်ကမှ နာမည်ကြီးခဲ့တဲ့ မင်းသား K လို့ ဖော်ပြထားကြပါတယ်။ ဒီသတင်းက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တော်တော်များများက မင်းသား ကင်ဆွန်းဟိုလို့ ခန့်မှန်းခဲ့ကြပါတယ်။ နောက်တစ်နေ့မှာတော့ မင်းသား ကင်ဆိုးဟိုရဲ့အေဂျင်စီ Salt Entertainment က သူတို့တွေ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ မင်းသား ကင်ဆွန်းဟိုက သူ့ရဲ့အေဂျင်စီကနေတဆင့် တောင်းပန်စာထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော် ကင်ဆွန်းဟိုပါ။ နောက်ကျမှ ထုတ်ပြန်ရတဲ့အတွက် တကယ် တောင်းပန်ပါတယ်။ ကျွန်တော့်နာမည်ဖော်ပြထားတဲ့ ဆောင်းပါးတွေ ထွက်ရှိလာခဲ့တဲ့နောက်မှာ ကျွန်တော့် ပထမဆုံးအကြိမ် ကြောက်ရွံ့စိတ်ဖြစ်မိခဲ့ပါတယ်။ ဒါကြောင့် အခု ကျွန်တော် ဒါကို ရေးလိုက်ရတာပါ။ ကောင်းတဲ့ခံစားချက်နဲ့ သူ့ကို တွဲခဲ့တာပါ။ ကျွန်တော့်ရဲ့မဆင်မခြင်ပြုမှုမိတဲ့လုပ်ရပ်ကြောင့် သူမကို နာကျင်စေခဲ့တယ်။ သူမနဲ့ လူချင်းတွေ့ပြီး တောင်းပန်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ တောင်းပန်ဖို့ အဆင်မပြေသေးတဲ့အတွက် အချိန်တစ်ခုစောင့်နေပါတယ်။ အခုတော့ ဒီထုတ်ပြန်ချက်ကနေတဆင့် သူမကို တောင်းပန်ချင်ပါတယ်။

အဆုံးထိ ကျွန်တော့်ကို ယုံကြည်ပေးခဲ့တဲ့၊ ပံ့ပိုးအားပေးခဲ့ကြတဲ့ သူတွေအားလုံးကို စိတ်ပျက်စေခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ်။ မင်းသားကင်ဆွန်းဟိုလို့ဖြစ်လာနိုင်အောင် အားပေးပံ့ပိုးပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ချွတ်ယွင်းချက်ကြောင့် ကျွန်တော်နဲ့အလုပ်အတူတူတွဲလုပ်ခဲ့တဲ့ တွဲဖက်သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေအားလုံးကို ထိခိုက်နစ်နာစေခဲ့တဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ထိခိုက်နာကျင်ခဲ့ရတဲ့ လူတိုင်းကို ကျွန်တော် ရိုးရိုးသားသားတောင်းပန်ချင်ပါတယ်။

ဒီတောင်းပန်စာထုတ်ပြန်ချက်က စာဖတ်သူတွေရဲ့နှလုံးသားထဲ အပြည့်အဝမရောက်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ရိုးသားတဲ့ခံစားချက်ကို ဒီကနေတဆင့် ဖော်ပြပြီး ကျွန်တော် တကယ်တောင်းပန်ပါတယ်”လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အေဂျင်စီဘက်ကလည်း သီးခြားတောင်းပန်စာ ထုတ်ပြန်ထားပါတယ်။

‘ဟယ်လို..Salt Entertainment ကပါ။ မင်းသားကင်ဆွန်းဟိုရဲ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သက်ပြီး အားလုံးကို စိတ်ပူစေခဲ့တဲ့အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဒီကိစ္စကြောင့် စိတ်ပျက်ခဲ့ရတဲ့၊ ထိခိုက်နာကျင်ခဲ့ရတဲ့ သူအားလုံးကို ကျွန်တော်တို့ တောင်းပန်ချင်ပါတယ်။ ဒီကိစ္စနဲ့ စိုးရိမ်ပူပန်စေခဲ့ရတဲ့သူတွေကို ထပ်ပြီး တောင်းပန်ပါတယ်”လို့ အေဂျင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုထုတ်ပြန်ချက်တွေထွက်ရှိလာခဲ့ပြီးတဲ့နောက်မှာတော့ မင်းသားကင်ဆွန်းဟိုဟာ KBS2 ရုပ်သံလိုင်းရဲ့ Variety Show “2Days & 1 Night Season 4” ကနေ နှုတ်ထွက်ခဲ့ရပါတယ်။ ဒီအစီအစဉ်ကနေ ကင်ဆွန်းဟိုနှုတ်ထွက်တော့မှာဖြစ်တယ်ဆိုတာကို ရှိုးက ကြေညာခဲ့ပါတယ်။ မင်းသားကင်ဆွန်းဟိုပါဝင် ရိုက်ကူးပြီးသားအခန်းတွေကိုလည်း Edit လုပ်သွားမယ်လို့လည်း သိရပါတယ်။

ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ကား (၂) ကားမှာလည်း မင်းသားကင်ဆွန်းဟိုက ပါဝင်ခွင့်မရတော့ဘဲ ထုတ်ပယ်ခံလိုက်ရပါတယ်။ “2 O’Clock Date” နဲ့ “Dog Days” အမည်ရတဲ့ ဇာတ်ကား (၂) ကားရဲ့ ထုတ်လုပ်ရေးကုမ္ပဏီတွေက မင်းသားကင်ဆွန်းဟိုနေရာမှာ အခြားတစ်ယောက်ကို အစားထိုးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလလယ်မှာ ရိုက်ကူးဖို့ စီစဉ်ထားတဲ့ Sad Tropics ဇာတ်ကားကတော့ မင်းသားကင်ဆွန်းဟိုနဲ့ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးကြောင်းနဲ့ ဒီကိစ္စကို ဆွေးနွေးနေကြောင်း ပြောဆိုခဲ့ပါတယ်။

ကင်ဆွန်းဟို ကြော်ငြာပေးထားတဲ့ ကုန်ပစ္စည်းတံဆိပ်တော်တော်များများကလည်း သူတို့ရဲ့တရားဝင်ချန်နယ်တွေကနေ မင်းသားကို ထုတ်ပယ်နေပါတယ်။ Domino’s Pizza ကလည်း အောက်တိုဘာ ၁၈ ရက်နေ့ကတည်းက သူတို့ရဲ့တရားဝင်ဝပ်ဆိုက်နဲ့ လူမှုကွန်ယက်တွေကနေ ကင်ဆွန်းဟိုရဲ့ဓာတ်ပုံတွေကို ဖယ်ရှားခဲ့ပါတယ်။

မင်းသားကင်ဆွန်းဟိုဟာ မကြာသေးခင်ကမှ ထုတ်လွှင့်ပြသပြီးသွားခဲ့တဲ့ “Hometown Cha-Cha-Cha” ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရဲ့အားပေးနှစ်ခြိုက်မှုကိုရရှိပြီး နာမည်ရနေခဲ့တာပါ။ ဒီဇာတ်လမ်းတွဲပြီးသွားတဲ့နောက်မှာ အခုလိုကိစ္စမျိုးထွက်ပေါ်လာခဲ့တာပါပဲ။

Ref: Soompi “Kim Seon Ho Apologizes For Controversy Involving Ex-Girlfriend”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top