မောင်ချောနွယ်ရဲ့ ကဗျာပေါင်းချုပ်စာအုပ်နဲ့ နွမ်းလျအိမ်ပြန်

my-Post1-e1551437539580.jpg

ဆရာမကြည်အေးရဲ့ ‘‘နွမ်းလျအိမ်ပြန်’’ စာအုပ်လေးကို ဝယ်ထားတာ သေချာပါတယ်။ မှတ်မှတ်ရရ သတင်းစာမှာ ဆရာမကြီးကွယ်လွန်ကြောင်းကို ဖတ်လိုက်ရတဲ့နေ့က ဝယ်ထားတာပါ။ အခု စာအုပ်စင်မှာ ပြန်ရှာတော့ မတွေ့တော့ ပြန်ဘူး။ စာအုပ်ကပဲ ပါးလို့ ရှာမတွေ့တာလား

ငှားသွားပြီးပဲ ပြန်မပေးကြတာလား၊ မသိတော့ပါဘူး။ ခက်လှပါတယ်။ လှည်းတန်းကိုသွားပြီး စာအုပ်ပြန်ဝယ်ရပါဦးမယ်။ မဝယ်လို့က မရဘူးလေ။ အွန်လိုင်းစာမျက်နှာတစ်ခုရဲ့ စာအုပ်အညွှန်းကဏ္ဍအတွက် ‘‘နွမ်းလျအိမ်ပြန်’’စာအုပ်လေးကို ရေးပေးမယ်လို့ ကတိ ခံထားတာကို။ ကတိပေးထားတယ်ဆိုတာက ဒီလိုရှိပါတယ်။ ဒီစာအုပ်က တစ်ခါဖတ်လိုက်ရုံနဲ့ ရင်ထဲမှာ စွဲကျန်ရစ်စေတဲ့ ဝတ္ထုမျိုးမလို့ပါ။ မောလိုက်တာ။

ဒီရေရွတ်မှုက ‘‘နွမ်းလျအိမ်ပြန်’’ ရဲ့ အစပဲ ဖြစ်ပါတယ်။ ဘယ်လောက် လှလိုက်ပါသလဲ။ တကယ် မောပါတယ်။ အဲဒီမောတဲ့ ခံစားမှုနဲ့အတူ ဇာတ်ဆောင်တင်မေ ခဏခဏရောက်ခဲ့တဲ့ မြရာကုန်းချောင်းစပ်ကို သွားကြည့်လိုက်ပါ။ အိမ်၊ မိသားစု၊ မေတ္တာတရား၊ အထီးကျန်မှု၊ ကွဲပြားမှု၊ လွတ်မြောက်ချင်မှု စတဲ့စတဲ့အရာတွေ အများကြီးကို ခံစားရပါလိမ့်မယ်။ ဆရာမကြီးက ကဗျာဆရာမကြီးလည်း ဖြစ်တဲ့အတွက် ဝတ္ထုကို ခံစားရေးဖွဲ့တဲ့နေရာမှာ ကဗျာလေးတွေနဲ့လည်း ပုံဖော်ထားပါသေးတယ်။ ကျွန်တော် အလွတ်ရနေတဲ့ ဒီကဗျာလေးကို ခံစားကြည့်ပါ။

လွှတ်ပစ်လိုက်စမ်းတိမ်တိုက်အပြာ၊

သည်နီလာတွေဝါရည်နို့ခဲ၊

သည်ပုလဲတွေခဲသားရင့်ရင့်၊ သည်စိန်ပွင့်တွေ။

လွှတ်ပစ်လိုက်လေ . . .မြေပြင်ဟိုဘက်၊ လှိုင်းပွက်ပွက်နှင့်
ရေနက်ထဲနှစ်၊ ကြဲချပစ်လိုက်။

မျက်ရည်စိုနှင့်ငိုတော့မေရယ် . . . ။

တွယ်တာစရာမတ္တာကင်းမှ၊ သည်ဘဝမှာဘာကိုမက်မောပျော်မလဲ။ ။

ဟုတ်ပါတယ်။ ဘဝမှာ တွယ်တာစရာမေတ္တာကင်းမှတော့ ဘာကိုမက်မောပြီး ပျော်နေရပါ့မလဲ။ ဒါကြောင့်လဲ တင်မေဟာ . . . . . . ။ ကဲ .. ခုတော့ ကျွန်တော်ကိုယ်တိုင် ပြန်ခံစားရဖို့ စာအုပ်သွားဝယ်ရပါဦးမယ်။ ထူးတော့ မထူးပါဘူး၊ ဆရာမောင်ချောနွယ်ရဲ့ ကဗျာပေါင်းချုပ်စာအုပ်လည်း ဝယ်ရမှာဆိုတော့ တစ်ခါ တည်း သွားလိုက်တာ ကောင်းပါတယ်။ တချို့လူငယ်ကဗျာဆရာတွေကတော့ ဆရာမောင်ချောနွယ်ပေါင်းချုပ်ကို ကျမ်းတစ်ခုလို ကိုးကွယ်ကြတယ်လို့ ပြောတာပဲ။ ဟုတ်မှာပါ၊ ဟိုတစ်နေ့က ဆရာမောင်ချောနွယ် ၁၆ နှစ်ပြည့် အမှတ်တရပွဲသွားဖြစ်တော့လည်း ဆရာသစ္စာနီက ပရိသတ်တွေကို အခုလိုပြောခဲ့တာကို ကြားခဲ့ရပါသေးတယ်။

‘‘၁၉၇၀ ပြည့်နှစ်တစ်ဝိုက်မှာ ထူးထူးခြားခြား Modern Poetry ဆိုတဲ့ ခေတ်ပေါ်ကဗျာ ပေါ်ထွန်းလာပါတယ်။ အဲဒီခေတ်ပေါ်ကဗျာလမ်းကြောင်းမှာဆိုရင် ကိုချောနွယ်ဟာ ထိပ်ဆုံးကပါတဲ့ လူတစ်ယောက်လို့ သတ်မှတ် ထားလို့ ရပါတယ်။ သူ့ကဗျာတွေဟာ အသံသာတယ်၊ မော်ဒန်ကဗျာဆိုပေမဲ့ နားလည်ရမခက်ဘူး၊ နားလည်လွယ်တယ်။ အခု ခေတ်ပေါ်ကဗျာကနေ ခေတ်ပြိုင်ကဗျာဆိုပြီး ပေါ်ထွန်းလာပါပြီ။ ခေတ်ပေါ်ကဗျာဆိုတာကလည်း အခုလက်ရှိ Main Strean ဆိုပေမဲ့ မကြာခင် နေရာဖယ်ပေးချင်လည်း ဖယ်ပေးရမှာပါပဲ။ ဒါကတော့ ကဗျာနဲ့ ပတ်သက်တဲ့ သံဝေဂပါ။

ကိုချောကဗျာတွေက ခေတ်ပြိုင်လူငယ်တွေ အလေးထားဖတ်ရှုရမယ့်ထဲမှာ ထိပ်ဆုံးကပါတဲ့ ကဗျာတွေပါ။ ပြောရမယ်ဆိုရင် ဂန္ထဝင်ကဗျာမရှိဘဲနဲ့ ခေတ်စမ်းကဗျာဆိုတာ မဖြစ်လာနိုင်ပါဘူး၊ ခေတ်စမ်း ကဗျာမရှိဘဲနဲ့ ခေတ်ပေါ်ကဗျာ မဖြစ်လာနိုင်ပါဘူး၊ အဲဒီလိုပဲ ခေတ်ပေါ်ကဗျာမရှိဘဲနဲ့ ခေတ်ပြိုင်ကဗျာဆိုတာလည်း ဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ ခေတ်ပေါ်ကဗျာတွေနဲ့ ပတ်သက်ပြီး သင်ကြားနေပြီလို့ ကြားရပါတယ်။ သင်တဲ့အခါမှာလည်း ကိုချောကဗျာ တော်တော်များများကို အဓိကထား သင်နေတယ်လို့ ကြားရပါတယ်။ ဒါဟာ ဝမ်းသာစရာပါ’’တဲ့။

ကျွန်တော်လည်း ဆရာမောင်ချောနွယ်ကဗျာတွေကို ဖတ်ဖူးတာတွေ ရှိပါတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။ ကြိုက်လွန်းလို့ စာရိုက်ပြီး သိမ်းထားတာတွေလည်း ရှိပါတယ်။ ကိုယ်လက်သန့်စင်ထားတဲ့နေ့၊ ပင်မှည့်တေး၊ ကိုက်လမ်း၊ စက်သွား၊ ကြွေတာကိုက ပွင့်ခြင်းပဲ စတဲ့ကဗျာတွေကို ကြိုက်လွန်းလို့ စာရိုက်ပြီး သိမ်းထားပါတယ်။ ဆရာမောင်ချောနွယ်ကို လေးလည်း လေးစားပြီးသားပါ။ ဒါပေမဲ့ ကျွန်တော့်မှာ မောင်ချောနွယ်ကဗျာပေါင်းချုပ် တော့ မရှိသေးပါဘူး။ မရှိသေးဘူးဆိုတဲ့ နောက်ကွယ်မှာ အကြောင်းတရားတွေ အများကြီးရှိပါတယ်။ တချို့ စာအုပ်တွေ ဝယ်ဖို့ဆိုတာက မိန်းမနဲ့ အစာအိမ်ကို ဆန္ဒပြပြနေရပါသေးတယ်။ အခုတော့ ဆရာမောင်ချောနွယ် ၁၆ နှစ်ပြည့် အမှတ်တရပွဲကို ရောက်သွားပြီးတဲ့နောက်ပိုင်းမှာ စာအုပ်ဝယ်ဖို့ (Signal) ဆစ်ဂနယ်မီးပြထားရပါတယ်။

ဒီလိုနဲ့ လှည်းတန်းက အင်းဝစာအုပ်ဆိုင်ကို ရောက်သွားခဲ့တယ်ဆိုပါတော့။ ဒီစာအုပ်ဆိုင်က သွားနေကျ၊ မွှေနေကျဆိုတော့ ဘယ်နေရာမှာ ဘာစာအုပ်အမျိုးအစား၊ ဘယ်နေရာမှာ ဘယ်စာရေးဆရာ ဆိုတာတွေကို အလွတ်ရပါတယ်။ တချို့ တစ်အုပ်စ၊ နှစ်အုပ်စသာထွက်တဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေဆိုရင် ဆိုင်က ဝန်ထမ်းတွေတောင် ဘယ်နေရာမှာရှိမှန်း မသိကြပါဘူး။ ကျွန်တော်က သိပါတယ်။ အဲတော့ ဆရာမကြီးကြည်အေးရဲ့ ‘‘နွမ်းလျအိမ်ပြန်’’ စာအုပ်ကို အလွယ်တကူပဲ ရှာတွေ့ခဲ့ပါတယ်။

ဒါနဲ့ပဲ ကဗျာ စာအုပ်တွေထားတဲ့ ဆိုင်ရဲ့ နောက်ဆုံး၊ အတွင်းအကျဆုံးနေရာကို လျှောက်သွားလိုက်ပါ တယ်။ ဒီနေရာကို ရောက်တိုင်း ကျွန်တော့်မှာ ခဏခဏစဉ်းစားခဲ့ရဖူးပါတယ်။ နောက်ဆုံးတော့လည်း သက်ပြင်း လေးချချပြီး ကိုယ်လိုတဲ့ စာအုပ်ကို ရွေးခဲ့ရတာကြီးပါပဲ။ ဆိုင်ရှင်တွေဘက်က ကြည့်တော့လည်း ကဗျာကို စိတ်ဝင်စားသူ နည်းလို့၊ ကဗျာဖတ်ပရိသတ်တွေ နည်းလို့၊ ဝယ်လိုအား နည်းလို့ ချောင်ထိုးထားကြတာ နေမှာပါ။ ဒါပေမဲ့ စဉ်းစားစရာပါ။ အခုနောက်ပိုင်းမှာ ပိုစဉ်းစားစရာဖြစ်လာပါပြီ။ ဆရာသစ္စာနီပြောကြားချက်အရဆိုရင် စကော့တလန်မှာ ကဗျာစာအုပ်တွေကိုပဲ သီးသန့်စုစည်းထားတဲ့ Poetry Library စာကြည့်တိုက် ရှိပါတယ်တဲ့။ အဲဒီလို အခြားနိုင်ငံတွေမှာ ကဗျာစာအုပ်သီးသန့်စာကြည့်တိုက်တွေ ဖွင့်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက စာအုပ်ဆိုင်တွေမှာတော့ ကဗျာဆိုရင် နောက်ဆုံးတန်းမှာပဲ ရှိနေပါသေးတယ်။

ထားပါတော့၊ ဆရာချောစာအုပ်ပဲ လိုက်ရှာလိုက်ပါဦးမယ်။ အနှောင့်ထူလို့လားတော့ မသိ၊ ဆရာတင်မိုး၊ ဆရာအောင်ချိမ့်၊ ဆရာလှသန်းတို့ကတော့ မျက်လုံးထဲကို တန်းခနဲပါပဲ။ ရောက်မှရောက်၊ တွေ့မှတွေ့တော့ ကြုံတုန်းစုံတုန်းလေး ဆရာဇော်ဇော်အောင် ညွှန်းထားတဲ့ ကဗျာလေးတွေကို လိုက်ရှာပြီး ဖတ်ကြည့်လိုက်ပါဦးမယ်။ ဆရာတင်မိုးရဲ့ ‘‘ဧည့်သည်ကြီး’’ကတော့ ရှာစရာမလိုပါဘူး၊ အလွတ်ရနေပြီးသားပါ။ ဒါနဲ့ ဆရာအောင်ချိမ့်ရဲ့ စာအုပ်ကို စကိုင်ပြီး မာတိကာကို ကြည့်လိုက် ပါတယ်။ တွေ့ပါပြီ ‘‘ကပ်ဖကာသို့ – ၁၇’’။ ကဗျာရှိတဲ့ စာမျက်နှာကို ထပ်လှန်ကြည့်လိုက်တော့

‘‘ကပ်ဖကာသို့ – ၁၇’’

အင်္ကျ ီဝတ်တာအင်္ကျ ီချွတ်တာ

နောက်၊ အင်္ကျ ီ ပြန်ဝတ်တာ
အတော်ပြောင်းလဲသွားတာပဲ။ ။

ကျွန်တော် စာအုပ်ကို အပိုင်ဝယ်ဖို့ စဉ်းစားပါသေးတယ်။ စာအုပ်ဈေးက ၇၅၀၀ ကျပ်တဲ့၊ တစ်ခါတည်း ဘယ်ဝယ်နိုင်လိမ့်မလဲ။ ဒါနဲ့ ဖုန်းကင်မရာလေးဖွင့်ပြီး ‘‘ချလှပ်’’ လိုက်ရပါတယ်။ ဆရာအောင်ချိမ့်စာအုပ်ကို မထားချင်၊ ထားချင်နဲ့ ပြန်ထားပြီး ဆရာလှသန်းစာအုပ်ကို ကိုင်လိုက်ပါတယ်။ မာတိကာကိုကြည့်လိုက်ပါတယ်။ တွေ့ပါပြီ ‘‘ဘယ်လောက်အထိ မှားမလဲ’’။ ကဗျာရှိတဲ့ စာမျက်နှာကို ထပ်လှန် လိုက်ပါတယ်။

‘‘ဘယ်လောက်အထိ မှားမလဲ’’

ဘယ်လောက်အထိ မှားမလဲ

မတရားတာကအဓမ္မ

ဘယ်လောက်အထိ မှားမလဲ

တရားတာကဓမ္မ

‘‘ကျွန်မနာမည် စိန်စိန်

ပန်းဆိုးတန်းမှာ ဈေးရောင်းစားတာ
၆ နှစ်ရှိခဲ့ပြီ …’’။ ။

ဆရာလှသန်းကိုလည်း ဆရာအောင်ချိမ့်လို ‘‘ချလှပ်’’ လိုက်ပါတယ်။ ဆရာမောင်ချောနွယ်ကဗျာပေါင်းချုပ်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ ဆိုင်ကကောင်မလေးတွေကို မေးကြည့် တော့လည်း ကုန်သွားပါပြီတဲ့။ ဪ . . . . ကုန်သွားပြီတဲ့လား။ မမြင်ရသော်လည်း ဟော ဟိုမှာ အိမ်။ ကြည့်ပါဦး၊ အိမ်ပြန်ရတာ နွမ်းလျလိုက်တာကွယ်။ အဲဒီလိုနဲ့ တင်မေဟာ နွမ်းလျစွာ အိမ်ပြန်ခဲ့ရပါတယ်။ ကျွန်တော်လည်း ‘‘နွမ်းလျအိမ်ပြန်’’ စာအုပ်လေးနဲ့ပဲ အိမ်ပြန်ခဲ့ရပါတယ်။

Kyaw Soe Thu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top