(၁)
ဂွာတာနာမိုအကျဉ်းထောင်ရဲ့ အရေးအကြီးဆုံးအကျဉ်းသားလို့ သတ်မှတ်ခံခဲ့ရဖူးတဲ့ အကျဉ်းသား ဆာလာဟီက ပြောဖူးတယ်။ ” လူတွေက ကြောက်ရွှံ့တဲ့အခါ ကိုယ်က ကိုယ်မဟုတ်တော့ဘူး။ ကလေးတစ်ယောက်လို ဖြစ်သွားတတ်ကြတယ်တဲ့”။ ဂျော်ဒန်နိုင်ငံမှာ ထိန်းသိမ်းခံရတုန်းက သူ့မျက်စိကို အဝတ်စည်းပြီး ပြင်ပအသံမကြားရအောင် နားကြပ်တပ်လိုက်ချိန်မှာ ဆာလာဟီက အရမ်းကြောက်သွားတယ်။ သူ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို စုပ်ယူပြီး ကွန်ပျူတာထဲမှာ ခွဲခြားဖော်ထုတ်ဖို့ အမေရိကန်နိုင်ငံရဲ့ စနစ်သစ်တစ်မျိုးဖြစ်မယ်လို့ သူက တွေးခဲ့ဖူးတယ်။ ယုတ္တိမရှိဘူးလို့ ဆိုနိုင်တဲ့ အဲဒီအတွေးမျိုး တွေးမိတာ အကြောက်လွန်သွားလို့ပါ။ လူတွေက အကြောက်လွန်သွားတဲ့အခါ တစ်နည်းပြောရရင် သတိမကပ်တော့တဲ့အခါ စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့သွားတယ်။
(၂)
My Name is Khan ဇာတ်ကားထဲမှာ ရှရွတ်ခန်းရဲ့ အမေပြောသွားတဲ့ စကားတစ်ခွန်းရှိတယ်။ ” လောကမှာ လူကောင်းနဲ့ လူဆိုး နှစ်မျိုးပဲ ရှိတယ်”တဲ့။ ဒီဇာတ်ကားဟာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုအပြီး မွတ်စလင်တွေအပေါ် အမြင်ပြောင်းလဲလာကြပြီး အကြမ်းဖက်သမားတွေလို့ သဘောထားလာတာကို ရိုက်ကူးပြထားတာပါ။ တကယ်တော့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို အသားအရောင်၊ လူမျိုး၊ ဘာသာ၊ နိုင်ငံ၊ နယ်နမိတ်တွေနဲ့ သတ်မှတ်ပိုင်းခြားလို့ မရနိုင်ပါဘူး။ လူကောင်းလား၊ လူဆိုးလားဆိုတာပဲ ရွေးချယ်ရမှာပါ။
(၃)
အခုချိန်မှာ တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရပြီ။ ဒီဗိုင်းရပ်စ်က လူမျိုး၊ ဘာသာ၊ နိုင်ငံရွေးပြီး ကူးတာမဟုတ်ဘူး။ အားလုံးကို ကူးတယ်။ ဘယ်ဘုရားကို ကိုးကွယ်လို့၊ ဘယ်လူမျိုးမို့လို့၊ ဘယ်နိုင်ငံမှာနေလို့ အကူးမခံရဘူးဆိုတာ မရှိဘူး။ သူ့ကို သတိမမူလိုက်ရင် ကူးစက်ခံရမှာပဲ။ ကမ္ဘာပေါ်မှာ အကူးခံရသူ ၄ သန်းကျော်ရှိနေပြီး သေဆုံးသူ ၂၉၀၀၀၀ လောက်ရှိတယ်။ ဒီကပ်ဘေးကြီး ဘယ်အချိန် အဆုံးသတ်သွားမလဲဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူး။ သေချာတာကတော့ ” မိမိကိုယ်သာ ကိုးကွယ်ရာပဲ”။ ဘယ်ဘုရားသခင်ကမှ နှာခေါင်းစည်း လိုက်တပ်ပေးနေမှာမဟုတ်ဘူး။ Social Distancing လိုက်လုပ်ပေးနေမှာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိရှိ ဆင်ခြင်နေထိုင်ရမယ်။ ဒီလိုအချိန်မှာ ဒီဗိုင်းရပ်စ်ကို ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတွေနဲ့ ချိတ်ဆက်ပြီး အမြတ်ထုတ်နေသူအားလုံး လူယုတ်မာပဲ။
(၄)
အကြောက်တရားဟာ သတိလက်လွတ်ဖြစ်စေတယ်။ ဆင်ခြင်တုံတရားကို အားနည်းစေတယ်။ ဒီတော့ ကပ်ဘေးကို ရင်ဆိုင်နေရချိန်မှာ အကြောက်တရား လွှမ်းမိုးမခံရဖို့ အရေးကြီးတယ်။ အကြောက်တရား အားကြီးရင် အယုံလွယ်မယ်။ ဒါဆိုရင် လူယုတ်မာတွေ အကြိုက်တွေ့လိမ့်မယ်။ ဒီအချိန်က သတိကပ်ထားရမယ့်အချိန်ပါ။ လူယုတ်မာတွေကြောင့် ဒေါသစိတ်တွေ အားကြီးလာကြလိမ့်မယ်။ ဒေါသစိတ်ကြီးရင်လည်း ဆင်ခြင်တုံတရားအားနည်းမယ်။ ဖြစ်သင့်၊ ဖြစ်ထိုက်လားဆိုတာမျိုး မတွေးမိတော့ဘူး။ အရေးအကြီးဆုံးကတော့ လူယုတ်မာ တစ်ဦးတစ်ယောက်ကြောင့် ဘယ်ဘာသာတရားကိုမှ အမုန်းမပွားမိစေဖို့ပဲ။ အမုန်းတရား ကြီးထွားလာရင် လူ့အဖွဲ့အစည်း အင်အားနည်းပါးသွားမယ်။ အင်အားနည်းသွားရင် ဒီကပ်ရောဂါကို ရင်ဆိုင်တွန်းလှန်ရာမှာ အခက်အခဲကြုံမယ်။
(၅)
ကျွန်တော်တို့တွေ ဒီကပ်ရောဂါကို တွန်းလှန်ရာမှာ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာသက်သက်၊ အစ္စလာမ်တွေက အစ္စလာမ်သက်သက်၊ ခရစ်ယာန်တွေက ခရစ်ယာန်သက်သက်၊ ဟိန္ဒူတွေက ဟိန္ဒူသက်သက် တွန်းလှန်နေကြတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေဆိုတဲ့ တစ်မိုးတည်းအောက်မှာ အတူတကွ ရင်ဆိုင်တွန်းလှန်နေကြတာပါ။ ဒီကပ်ကြီးက လူသားတွေရဲ့ လူမှုအမူအကျင့်(social behavior)တွေကို ပြောင်းလဲသွားစေခဲ့ပြီးပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် လမ်းတွေ့ရင် အရင်လို လက်ဆွဲနှုတ်ဆက်၊ ကျောပုတ်၊ ခေါင်းပုတ်လုပ်ဖို့ တွန့်ဆုတ်နေကြရပါပြီ။ လူမှုအမူအကျင့်တွေ ပြောင်းလဲခဲ့ရပေမဲ့ နှလုံးသားထဲကို ညစ်ထေးတဲ့ အမုန်းတရားတွေ စိမ့်ဝင်လာတာမျိုးတော့ အဖြစ်မခံကြပါနဲ့။ ” သတိတရားကို ကိုင်ဆုပ်ပြီး အမုန်းတရားကို လွှတ်ချလိုက်ပါ”လို့ပဲ တိုက်တွန်းလိုက်ပါတယ်။
Nz (ရိုးရာလေး)