ကိုယ်တိုင် ကျင့်ဝတ်လိုက်နာပြီးမှ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရယူပါ

yyl-018-12.jpg

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်က တော်တော်ဝေဖန်စရာဖြစ်ခဲ့တယ်။ ဗစ်တိုးရီးယားအမှုရဲ့ သံသယတရားခံ ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးခဲ့တာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ဗစ်တိုးရီးယားရဲ့ အမည်ရင်းနဲ့ တရားလိုမိခင်ရဲ့ အမည်တွေကို ထုတ်ပြောခဲ့ပါတယ်။

အသက် ၃ နှစ်မပြည့်သေးချိန်မှာ လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတဲ့ ဗစ်တိုးရီးယားရဲ့အမှုက ပြည်တွင်းမှာတင် မဟုတ်ဘဲ ပြည်ပမှာပဲ စောင့်ကြည့်နေကြတဲ့ အမှုပါ။ အဲဒီလို အခြေအနေမှာ ရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိတွေကိုယ်တိုင် လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေကို ဖောက်ဖျက်ခဲ့တာက တော်တော်အကျည်းတန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ရှောင်ရန်အချက်တွေထဲမှာ နံပါတ်(၂) ဖြစ်ကတတ်ဆန်းလုပ်ခြင်း၊ နံပါတ်(၉) စဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိခြင်း၊ နံပါတ်(၁၉) တာဝန်ကို ပေါ့ပေါ့ဆဆ ဆောင်ရွက်တတ်ခြင်း၊ နံပါတ်(၂၃) လုပ်ထုံးလုပ်နည်းနှင့်အညီ မလုပ်ခြင်းလို့ ရေးထားပါတယ်။

ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါးထဲမှာ နံပါတ်(၈)အချက်က ”ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပါ”ဆိုတာပါပဲ။ ရဲတပ်ဖွဲ့ရဲ့ အစဉ်အလာ(၁၂)ရပ်ထဲမှာ နံပါတ်(၆)အချက်ကတော့ ”ပြည်သူ၏အကျိုးစီးပွားကို ထာဝစဉ်ကာကွယ်စောင့်ရှောက်နေသောတပ်ဖွဲ့ဖြစ်သည်”လို့ ရေးထားပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိတွေရဲ့ လုပ်ရပ်က ဒီအချက်တွေနဲ့ လားလားမျှ မအပ်စပ်ပါဘူး။ ကလေးသူငယ်ဥပဒေမှာ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့၊ အခင်းဖြစ်စဉ်မှာ ပါဝင်နေတဲ့ ကလေးတွေကို ဘယ်သူ၊ ဘယ်ဝါဆိုပြီး ခွဲခြားဖော်ပြတာ၊ ရေးသားတာ၊ ဓာတ်ပုံရိုက်တာမျိုး လုပ်ခွင့်မရှိပါဘူး။

ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည် ဖေ့ဘွတ်ခ်စာမျက်နှာကလည်း ”Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော အမှုနှင့်ပတ်သက်သည့် အထောက်အထားများ”ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဖော်ပြရာမှာ ဗစ်တိုးရီးယားနဲ့ အမည်ရင်း၊ နေရပ်လိပ်စာတွေကို ဖော်ပြခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေ ယမ်းပုံမီးကျ ဒေါသထွက်ခဲ့ရပြီး ဗစ်တိုးရီးယားရဲ့ဖခင်က ရဲတပ်ဖွဲ့ကို တရားစွဲဆိုဖို့ ပြင်ဆင်နေတာပါ။

ရဲတပ်ဖွဲ့ရဲ့ အစဉ်အလာ(၁၂)ရပ်ထဲမှာ နံပါတ်(၈)အချက်က ”အရာရာကို တရားဥပဒေနှင့်အညီ တိတိကျကျ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်သောတပ်ဖွဲ့ဖြစ်သည်”လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ကိုယ်တိုင် တရားဥပဒေနဲ့မညီလို့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရယူဖို့ အလှမ်းဝေးနေဆဲပါပဲ။ ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်(၁၀)ပါးထဲမှာ နံပါတ်(၆)အချက်က ”ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရယူပါ”ဆိုတာပါပဲ။

လူသားတိုင်းမှာ လိုက်နာကျင့်သုံးရမယ့် ကိုယ်ကျင့်တရား(ဝါ)ကျင့်ဝတ်တွေ ရှိပြီးသားပါ။ ပြည်သူ့ဝန်ထမ်းတွေက ကျင့်ဝတ်တွေကို ပိုပြီးလိုက်နာဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုရမှာပါ။ ကျင့်ဝတ်နဲ့ပတ်သက်ပြီး ပြင်သစ်အတွေးအခေါ်ပညာရှင် အဲဘတ်ကမူး ပြောခဲ့တဲ့ စကားနဲ့ အဆုံးသတ်ပါရစေ။ ”ကျင့်ဝတ်မရှိသူဟာ ဒီကမ္ဘာမြေကို ရန်ပြုမယ့် အရိုင်းအစိုင်း သတ္တဝါတစ်ကောင်မျှပါပဲ”တဲ့။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top