ကိုဗစ်-၁၉ နဲ့ ကျောင်းသား/သူ မိဘတွေရဲ့ စိုးရိမ်မှု

5-9-2020-yyl-007.jpg

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းတွေကို ဖွင့်ပြီး သိပ်မကြာခင်မှာပဲ ပြန်ပိတ်ခဲ့ရတာ အားလုံးအသိပါပဲ။ ပုံမှန်အားဖြင့်ဆိုရင် ဇွန်လမှာ ကျောင်းဖွင့်ပြီး မတ်လမှာ အတန်းတင် စာမေးပွဲတွေ ဖြေဆိုလေ့ရှိလို့ ပညာသင်နှစ် တစ်နှစ်ကို အချိန် ၉ လခွဲလောက် ကြာမြင့်လေ့ရှိပါတယ်။ အခုပညာသင်နှစ်မှာတော့ အချိန် ၄ လကျော် ကုန်လွန်သွားခဲ့ပေမဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ကျောင်းတွေ ပိတ်ထားရဆဲဖြစ်လို့ ကျောင်းတွေ ပြန်ဖွင့်ဦးမလား၊ အတန်းတင်စာမေးပွဲဖြေဆိုမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့်တော့ ဘဝကို တစ်ဆစ်ချိုး အပြောင်းအလဲ ဖြစ်စေနိုင်တယ်ဆိုတဲ့ ဒဿမတန်း ကျောင်းသား/သူတွေရဲ့ မိဘတွေက ဒီမေးခွန်းကို အရမ်းသိချင်နေကြပါတယ်။

ပုဂ္ဂလိကကျောင်းတွေမှာ အွန်လိုင်းကတစ်ဆင့် သင်ကြားပေးနေကြပြီး တကယ်လို့ စာမေးပွဲမဖြေရဘူးဆိုရင် အချိန်ကုန်၊ ငွေကုန် ဖြစ်မှာကို မိဘတွေက စိုးရိမ်နေကြတာပါ။ အွန်လိုင်းကသင်တဲ့အခါ အင်တာနက်လိုင်း ကျသွားရင် စာတွေ လွတ်ကုန်တာ၊ တစ်ခါတလေ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရတာ၊ နည်းပညာနဲ့ မယဉ်ပါးသေးတဲ့ မိဘတွေက ဘေးကကြည့်ပြီး အားမလို၊ အားမရနဲ့ ” စာမေးပွဲ ဖြေရမယ်ဆိုရင်ရော ဖြစ်ပါ့မလား”လို့ စိတ်တထင့်ထင့် ဖြစ်နေကြပါတယ်။ တချို့ဆိုရင် ငွေကြေးတတ်နိုင်လွန်းလို့မဟုတ်ဘဲ ကိုယ့်သားသမီး ပညာရေးကို အထိအခိုက်မခံနိုင်လို့ ကိုဗစ်ကာလ စီးပွားရေးကျပ်တည်းနေချိန်မှာပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှာကြံပြီး ကျောင်းလခ သွင်းနေရတာပါ။

အစိုးရကျောင်းတက်တဲ့ ကျောင်းသား/သူတွေရဲ့ မိဘတွေကလည်း ” သူများ ကလေးတွေက စာသင်နေရတယ်။ ငါတို့ကလေးတွေက စာမသင်ရဘူး။ တကယ်လို့ စာမေးပွဲသာ ဖြေရမယ်ဆိုရင် ငါ့ကလေးတွေ ဘယ်လိုလုပ်ရပါ့မလဲ”ဆိုတဲ့ ပူပန်သောကတွေ ဖြစ်နေရရှာပါတယ်။ ပညာရေးရုပ်သံ အစီအစဉ်တွေ တိုးမြှင့်တင်ဆက်ပေးနေပေမဲ့ လိုင်းမကောင်းလို့ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်သူက ဖြစ်၊ ဘယ်လိုင်းက ကြည့်ရမယ်ဆိုတာ မသိသူက မသိ၊ ကြည့်လို့ရပြန်တော့ ရှင်းရှင်းလင်းလင်း မမြင်ရ၊ နားမလည်ရင် ဘယ်သူ့မေးလို့မေးရမှန်းမသိ ဖြစ်နေတဲ့ ကျောင်းသား/သူတွေ ရှိနေကြပါတယ်။

ဒီထက်ပိုဆိုးတာကတော့ မီးမရှိ၊ လိုင်းမမိ၊ တီဗီမရှိတဲ့ မိသားစုတွေ အများကြီးရှိနေတာပါပဲ။ အဲဒီမိသားစုက ကျောင်းသား/သူလေးတွေကတော့ ဒီကာလမှာ ကျောင်းစာနဲ့ပတ်သက်ပြီး ကူရာကယ်ရာမဲ့နေပါတယ်။ အတန်းတင်စာမေးပွဲ ဖြေရမယ်ဆိုရင် သူတို့တွေရော အဆင်ပြေပါ့မလား။ တကယ်လို့ အတန်းတင်စာမေးပွဲ မဖြေရဘူးဆိုရင် လက်ရှိအွန်လိုင်းတန်းခွဲတွေမှာ ကျောင်းလခသွင်းပြီး စာသင်နေရသူတွေအတွက် အချိန်ကုန်၊ ငွေကုန်ဖြစ်မှာပါ။

ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ လူနာသစ်တွေ့ရှိမှုကလည်း တစ်နေ့ထက်တစ်နေ့ တိုးလာခဲ့တာ စက်တင်ဘာလ ၅ ရက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၁၇၇၉၄) ဦး ရှိနေပြီး ဓာတ်ခွဲအတည်ပြုလူနာ သေဆုံးသူ (၄၁၂)ဦး ရှိပါတယ်။ လက်ရှိအချိန်အထိလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မပေါ်သေးပါဘူး။ ကာကွယ်ဆေးပေါ်လာခဲ့မယ်ဆိုရင်တောင် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်မှာ ထည့်သွင်းနိုင်ဖို့ အချိန်လနဲ့ချီ ကြာမြင့်မှာပါ။ လက်ရှိအခြေအနေအရတော့ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သေးပါဘူး။ စာမေးပွဲတွေကို ရွှေ့ဆိုင်းမလား၊ စာသင်နှစ်တစ်နှစ် နားလိုက်မလားဆိုတဲ့ မေးခွန်းကိုပဲ အဖြေရှာရမယ့်အနေအထားပါ။ ကျောင်းသား/သူ မိဘတွေကတော့ တစ်ရက်ကုန်သွားတိုင်း ဒီမေးခွန်းရဲ့အဖြေကို သိချင်စိတ် တိုးပြီးရင်း တိုးလို့နေပါပြီ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top