မြင်ယောင်ကြည့်၊ မြင်အောင်ကြည့်

14-12-2020-yyl-021.jpg

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေးဆိုင်ရာ ထုတ်ပြန်ချက်၊ ညွှန်ကြားချက်၊ အမိန့်တွေကို ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်ထားပါတယ်။ ထုတ်ပြန်ချက်၊ ညွှန်ကြားချက်၊ အမိန့်တွေရဲ့ သက်တမ်းကာလက ၇ လ ရှိလာခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ဦးရေကလည်း ၁၀၈၃၄၂ ဦး ရှိလာပြီး သေဆုံးသူ ၂၂၆၈ ဦး ရှိနေပါပြီ။
ထုတ်ပြန်ချက်၊ အမိန့်တွေကို သက်တမ်းတိုးတဲ့နေ့မှာပဲ မြန်မာနိုင်ငံ ဆရာဝန်အသင်းက ကိုဗစ်-၁၉ ကုသရေးစင်တာ ၆ ခုမှာ စေတနာ့ဝန်ထမ်း ဆရာဝန် ၆၀ လိုအပ်နေတဲ့အတွက် ကူညီပေးကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တစ်နေ့ကို ကိုဗစ်-၁၉ လူနာသစ် ၁၀၀၀ ဝန်းကျင် တွေ့ရှိနေပြီး လူနာ ၂၀ ကျော် သေဆုံးနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ရန်ကုန်မှာ ကိုဗစ်-၁၉ ကို ထိန်းနိုင်ပြီလို့ ဆိုခဲ့ကြပေမဲ့ ရန်ကုန်မှာ လူနာတွေ့ရှိမှုနှုန်းက တစ်နေ့ကို ၆၀၀ အထက်မှာ ရှိနေတုန်းပါပဲ။
လာမယ့်ဧပြီလမှာ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေး စတင်ထိုးနှံပေးဖို့ စီစဉ်နေပြီဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်ရပေမဲ့ ဘယ်နိုင်ငံထုတ် ကာကွယ်ဆေးလဲ၊ ဘယ်လို သယ်မှာလဲ၊ ဦးစားပေးအဆင့် သတ်မှတ်ချက်က ဘယ်လိုလဲ စတဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။ လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ ခွင့်ပြုချက်ရထားတဲ့ ကာကွယ်ဆေးကလည်း Pfizer ပဲ ရှိပါသေးတယ်။

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်တဲ့ ကာကွယ်ဆေး၊ Moderna ကာကွယ်ဆေးတွေကလည်း ကာကွယ်နိုင်စွမ်း အာနိသင်ထက်မြက်တယ်လို့ တွေ့ရပေမဲ့ အတည်ပြုချက် မရသေးပါဘူး။ မြန်မာနိုင်ငံက ကာကွယ်ဆေးရရင် လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် အခမဲ့ ဒါမှမဟုတ် ဈေးချိုချိုနဲ့ ဝယ်ယူခွင့်ရရှိမယ့် COVAX အဖွဲ့ဝင် နိုင်ငံ ၉၂ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းက ၁၀.၈ သန်းဝန်းကျင်ရှိလို့ ၂ ကြိမ်ထိုးရမယ့် ကာကွယ်ဆေးဆိုရင် ကာကွယ်ဆေး အဖုံရေ ၂၂ သန်းနီးပါး လိုအပ်ပါတယ်။

ဒါပေမဲ့ တပြိုင်တည်းရောက်လာမှာမဟုတ်ဘဲ အသုတ်လိုက် ခွဲလာမှာဖြစ်လို့ ဦးစားပေးအဆင့်အလိုက် ထိုးနှံရမှာပါ။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဦးစားပေးအဆင့် (၁) ဖြစ်ဖွယ် ရှိပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ အချိန် ၄ လအထိ ကြာမြင့်ဦးမှာဖြစ်ပြီး ကြားကာလမှာ ဝန်ပိနေတဲ့ ကျန်းမာရေးစနစ်အတွက် အထောက်အပံ့ဖြစ်စေမယ့် နည်းလမ်းတွေကို ချမှတ်ဆောင်ရွက်ရဦးမှာပါ။

လက်ရှိအချိန်မှာ Stay at Home ထုတ်ပြန်ထားတာ ၇ လ ကြာမြင့်လာပြီဖြစ်လို့ စားဝတ်နေရေး ထိခိုက်မှုတွေလည်း ပိုပြီးထင်ရှားလာပါပြီ။ လက်ရှိကျင့်သုံးနေတဲ့ဗျူဟာတွေမှာ ဟာကွက်တွေ ဘယ်လောက်ရှိခဲ့လဲဆိုတာလည်း ပိုပြီး ပေါ်လွင်လာပါပြီ။ ကိုဗစ်ကိုလည်း မထိန်းနိုင်၊ အလုပ်လက်မဲ့တွေလည်း များလာ၊ ဒါပေမဲ့ လမ်းပေါ်မှာလည်း လူတွေ ပြည့်နေတုန်းပဲဆိုတဲ့ ပကတိအခြေအနေကို တာဝန်ရှိသူတွေ မြင်အောင် ကြည့်ကြဖို့ လိုပါပြီ။

Rapid Test Kid တွေ အလွယ်တကူ ရရှိနိုင်တဲ့ အခြေအနေမှာ ရောဂါစစ်ဆေးရေးကို အရှိန်မြှင့်လုပ်ပြီး Q စင်တာတွေအတွက် အသုံးပြုနေရတဲ့ အင်အားကို လျှော့ချဖို့၊ ကန့်သတ်မှုကာလကို လျှော့ချဖို့၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ စစ်ဆေးနိုင်အောင် ဆောင်ရွက်ပေးပြီး အစိုးရကျန်းမာရေးစနစ်ရဲ့ ဝန်ထုပ်ကို လျှော့ချဖို့ စတဲ့ နည်းလမ်းတွေကို ပကတိအခြေအနေနဲ့ ပိုနီးစပ်မယ်လို့ ယူဆပါတယ်။

တကယ်လို့ ကာကွယ်ဆေးရပြီး လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလုံး ကာကွယ်ဆေး ထိုးပြီးသွားရင်တောင် ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့၊ လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ဆိုရင် စစ်ဆေးမှုတွေကို တိုးမြှင့်ဆောင်ရွက်ရဦးမှာပါ။ အဲဒီတော့ လက်ရှိအချိန်မှာကတည်းက မြေပြင်ပကတိအခြေအနေနဲ့ ကိုက်ညီမယ့် နည်းဗျူဟာကို ပြောင်းလဲအသုံးပြုဖို့ တတိယအကြိမ်မြောက် ထပ်မံတိုက်တွန်းပါရစေ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top