ဒုက္ခရဲ့ပိုင်ရှင်ကတော့ ပြည်သူတွေပါ

2.9.2019.jpg

ပိုင်ရှင်မဲ့ဆိုတဲ့ စကားလုံးက ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ ပိုင်ရှင်မဲ့သစ်၊ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး၊ ပိုင်ရှင်မဲ့ပစ္စည်း စတဲ့ စကားလုံးတွေထဲမှာ အခုနောက်ဆုံး စကားလုံးတစ်ခု ထပ်တိုးလာပါတယ်။ ပိုင်ရှင်မဲ့ လက်နက်ကြီးကျည်ပါ။

သြဂုတ်လ ၃၁ ရက်က ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့မှာ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ မြောက်ပိုင်း လက်နက်ကိုင်မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တွေကြား အပစ်အခတ်ရပ်စဲနိုင်ဖို့ ဆွေးနွေးပွဲလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲလုပ်နေချိန်မှာပဲ ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နယ် မော်ဟစ်စုစည်းကျေးရွာက အိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

အရပ်သားနေအိမ်ပေါ် ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်နဲ့ပတ်သက်ပြီး နှစ်ဖက်လုံးက ငြင်းဆန်ထားပါတယ်။ လက်နက်ကြီးကျည် ထွက်လာတဲ့လမ်းကြောင်းကိုကြည့်ရင် ဘယ်သူ့လက်ချက်လဲဆိုတာ သိနိုင်တယ်၊ အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှုအတွက် အဲဒီသူကို တာဝန်ယူခိုင်းရမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ပြောခဲ့ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ လားရှိုး-မူဆယ် ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားရေး၊ လာရေး အခက်အခဲရှိခဲ့ပါတယ်။ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေကို ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးတာတွေလုပ်နေတာကတော့ ထိတ်လန့်တုန်လှုပ်စရာပါပဲ။ အရင်တုန်းက အခုလိုလုပ်တာမျိုး မကြုံဖူးဘူးလို့ ရန်ကုန်-မန ္တလေး-မူဆယ် ကုန်တင်ယာဉ်ကြီးများ Group မှာ ရေးသားထားပါတယ်။

ဒီလုပ်ရပ်တွေဟာ တရုတ်-မြန်မာ ကုန်သွယ်မှုကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေပြီး အပြစ်မဲ့အရပ်သားတွေကို ဘဝပျက်သွားစေနိုင်တဲ့ အခြေအနေပါ။ တိုက်ပွဲတွေကြောင့် မူဆယ်၊ ချင်းရွှေဟော် စတဲ့ နယ်စပ်စခန်းတွေမှာ ကုန်သွယ်ရေးပြတ်တောက်ခဲ့တာ ၁၈ ရက်အထိ ရှိလာခဲ့ပါပြီ။ ကုန်သွယ်ရေးပြတ်တောက်ရင် ပြည်တွင်းက စိုက်ပျိုး၊ ထုတ်လုပ်သူတွေ ထိခိုက်ကြမှာ အသေအချာပါပဲ။ ဘာတွေ ဘယ်လိုပဲ ပိုင်ရှင်မဲ့သည်ဖြစ်စေ၊ ဒုက္ခခံစားမှုရဲ့ပိုင်ရှင်ကတော့ ပြည်သူတွေပါပဲ။

ကျိုင်းတုံဆွေးနွေးပွဲမှာတော့ အစိုးရဘက်က အပြစ်မဲ့အရပ်သားတွေ မထိခိုက်စေဖို့၊ ပြည်သူတွေ ဒုက္ခမရောက်စေဖို့၊ ပြည်ထောင်စုလမ်းမကြီး မပိတ်ဆို့စေဖို့၊ ပြည်ထောင်စုလမ်းမကြီးနဲ့ ဆက်စပ်နေရာတွေမှာ တိုက်ပွဲတွေမဖြစ်အောင် တောင်းဆိုခဲ့တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ပြောပါတယ်။ ဒါပေမဲ့ ကျိုင်းတုံဆွေးနွေးပွဲမှာ အပစ်ရပ်ဖို့အတွက် သဘောတူညီမှုမရခဲ့ပါဘူး။

တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ မပါဝင်ခဲ့လို့ လက်နက်ကိုင်တပ်တွေ နေရာချထားရေးကို မဆွေးနွေးနိုင်ခဲ့ဘူး။ အစိုးရက တပ်မတော်နဲ့ ဆွေးနွေးတဲ့အခါကျရင်တော့ လက်နက်ကိုင်တပ်တွေ နေရာချထားရေးကို ထည့်သွင်းဆွေးနွေးမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ပြောပါတယ်။ တပ်မတော်ဘက်က မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့ရဲ့ တပ်ဖွဲ့တွေကို ရောက်တဲ့နေရာမှာ နေရာချထားပြီး အပစ်ရပ်လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားပါတယ်။

ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း သူတို့ရဲ့တပ်တွေကို သက်ဆိုင်ရာနယ်မြေတွေမှာပဲ နေရာချထားဖို့ လိုလားလို့ ညှိမရသေးပါဘူး။ အစိုးရဘက်က AA ကို လိုင်ဇာမှာ အခြေချဖို့ တောင်းဆိုပေမဲ့ AA ကတော့ ရခိုင်ပြည်နယ်မှာပဲ အခြေချချင်တဲ့အတွက် ညှိမရသေးပါဘူး။ စက်တင်ဘာလ ၁၆ ရက်၊ ၁၇ ရက်တွေမှာတော့ နောက်ထပ်ဆွေးနွေးပွဲလုပ်ဖို့ သဘောတူထားပါတယ်။ အပစ်ရပ်ဖို့ သဘောတူညီမှုရယူနိုင်ပြီး တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့ ဆုတောင်းရင်းသာ အဆုံးသတ်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top