စည်းကမ်းမဲ့မှုနဲ့ လမ်းပေါ်က လူ့အသက်များ

8.6.20201.jpg

ဇွန်လ ၂ ရက်နေ့။ ခါတိုင်းဈေးသွားကြိုရင် နံနက် ၆ နာရီလောက် အိမ်ပြန်ရောက်တတ်တဲ့ မောင်နှမနှစ်ယောက် အိမ်ပြန်ရောက်မလာတော့တဲ့နေ့။ အိမ်လခပေးစရာ ပိုက်ဆံလိုနေလို့ အုံနာဆီက တစ်သိန်းချေးထားတဲ့ အငှားယာဉ်မောင်းလည်း သူ ချေးထားတဲ့ပိုက်ဆံ လာမယူနိုင်တော့တဲ့နေ့။ စည်းကမ်းမဲ့သူတစ်ယောက်ကြောင့် လူ ၃ ယောက် အသက်ဆုံးရှုံးရတဲ့နေ့။

ဇွန်လ ၂ ရက် နံနက် ၆ နာရီဝန်းကျင်က ကမာရွတ်မြို့နယ်၊ သင်္ဘောကျင်းကားမှတ်တိုင်အနီးမှာ YBS 40 ယာဉ်တစ်စီးက တစ်ဖက်ယာဉ်ကြောမှာရှိတဲ့ အငှားယာဉ်ကို အရှိန်ပြင်းပြင်း ဝင်တိုက်ခဲ့ပြီး ဒီဖြစ်ရပ်မှာ အငှားယာဉ်ပေါ်လိုက်ပါလာသူ ၃ ယောက်လုံး သေဆုံးခဲ့ရပါတယ်။ ယာဉ်တိုက်မှုဖြစ်ပြီးချိန်မှာ ထွက်ပြေးသွားတဲ့ YBS 40 ယာဉ်မောင်းကို ဘားအံ့မှာ ဖမ်းဆီးရမိခဲ့ပါပြီ။ အဲဒီယာဉ်မောင်းဟာ YRTA(ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့)မှာ ယာဉ်မောင်းမှတ်ပုံတင်ထားသူ မဟုတ်ဘဲ ယာဉ်ပိုင်ရှင် (ပုဂ္ဂလိကပိုင်)က ဆီထည့်ဖို့အတွက် မောင်းခွင့်ပေးထားတဲ့ ယာဉ်မောင်းဖြစ်ပါတယ်။ YBS 40 ယာဉ်လိုင်းဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နာယကအဖြစ် ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT)က တာဝန်ယူပြေးဆွဲနေတဲ့ ယာဉ်လိုင်းပါ။

YBS စနစ်မှာ မှတ်ပုံတင်ထားတဲ့ ယာဉ်အစီးရေ ၆၀၀၀ ကျော်ရှိတဲ့အနက် ကုမ္ပဏီပိုင်ယာဉ် ၂၅၀၀ ကျော်၊ ပုဂ္ဂလိကပိုင်ယာဉ် ၃၅၀၀ ကျော်ရှိပါတယ်။ YRTA ရဲ့စာရင်းအရ ယာဉ်လိုင်းကုမ္ပဏီ ၁၈ ခု၊ ပုဂ္ဂလိကအစုအဖွဲ့ ၈ ခု ရှိပါတယ်။ YBS ယာဉ်မတော်တဆမှုဖြစ်စဉ်တွေမှာ အများစုက ပုဂ္ဂလိကပိုင်ယာဉ်တွေဖြစ်ပြီး စည်းကမ်းမဲ့ယာဉ်တွေကို ထိန်းချုပ်နိုင်ဖို့ ကုမ္ပဏီပိုင်ယာဉ်တွေ ပိုများလာဖို့ လိုတယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ကုမ္ပဏီပိုင်ယာဉ်တွေဆိုရင် သက်ဆိုင်ရာဂိတ်ကနေထွက်ပြီး ဂိတ်မှူးတွေက ယာဉ်မောင်းတွေကို YRTA က ပေးထားတဲ့ Smart ကတ်ရထားပြီးသူ ဟုတ်၊ မဟုတ် စစ်ဆေးပြီးမှ ယာဉ်ထွက်ခွင့်ပေးတဲ့အတွက် ထိန်းချုပ်လို့ရနိုင်တဲ့ အနေအထားရှိပေမဲ့ ပုဂ္ဂလိကပိုင်ယာဉ်တွေကတော့ တစ်ဆင့်ငှားရမ်းတာ၊ ယာဉ်မောင်းတွေက ဂိတ်ကနေမထွက်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ကားယူသွားတာမျိုးရှိလို့ ကြီးကြပ်ရတာ ပိုခက်ခဲတယ်လို့ သူက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဧပြီလအထိ မြန်မာနိုင်ငံတဝှမ်းမှာ ယာဉ်တိုက်မှု ၄၅၀၀ နီးပါးဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူ ၆၉၀၀ ကျော်၊ သေဆုံးသူ ၁၆၈၄ ယောက်ရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီကာလအတွင်း ရန်ကုန်တိုင်းမှာ ယာဉ်မတော်တဆမှု ၇၀၀ ကျော် ရှိပြီး ထိခိုက်မှု ၈၀၀ နီးပါးနဲ့ သေဆုံးမှု ၂၂၀ ကျော်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဇွန်လဆန်းအထိ YBS ယာဉ်နဲ့အခြားယာဉ်တိုက်မိမှု ၆၄ မှု ရှိခဲ့ပြီး သေဆုံးသူ ၂၁ ဦး ရှိတယ်လို့ YRTA ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ပြည့်နှစ် ၅ လအတွင်း YRTA ရဲ့ ခွင့်ပြုချက်မရတဲ့ ယာဉ်မောင်းတွေ မောင်းနှင်လို့ အရေးယူရတဲ့အမှု ၅၃၆ ခုရှိခဲ့ပါတယ်။ လမ်းမတော်တဆမှုကြောင့် လူ ၁၀၀၀၀၀ မှာ ၂၀.၁၀ ယောက်နှုန်း သေဆုံးနေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ရဲ့နောက် အဆင့်(၅) နေရာ ရပ်တည်နေပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်ကလည်း YBS ၃၇ နဲ့ YBS ၅၅ မျက်နှာချင်းဆိုင်တိုက်မိခဲ့လို့ လူ ၁၀ ယောက် သေဆုံးခဲ့ဖူးပါတယ်။

ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့အချိန်အထိ မြန်မာနိုင်ငံမှာ သေဆုံးသူ ၆ ယောက်ရှိပြီး အဲဒီပမာဏက အခုနှစ် ပထမ ၆ လအတွင်း YBS နဲ့ တခြားယာဉ်တွေ တိုက်မိလို့ သေဆုံးခဲ့တဲ့ လူအရေအတွက်နဲ့ယှဉ်ရင် ၃ ပုံ၊ ၁ ပုံပဲ ရှိပါတယ်။ လက်ရှိဖြစ်ရပ်တွေကို ကြည့်လိုက်ရင် စည်းကမ်းမဲ့ ယာဉ်မောင်းမှုတွေက ကပ်ရောဂါထက် ကြောက်စရာပိုကောင်းတယ်ဆိုတာ တွေ့ရမှာပါ။ အဲဒီအတွက် စည်းကမ်းချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူမှသာ လမ်းပေါ်က လူ့အသက်ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top