ကမ္ဘာတဝှမ်းက အကြမ်းဖက်ခံ မိန်းမသားများနဲ့ စိုးရွံ့ဖွယ်ရာ ကလေးငယ်တို့ရဲ့ အနာဂတ်

international-violence-against-womens-day-2016-by-numbers.jpg

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကို ‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာနေ့’ အဖြစ်သတ်မှတ်ပြီး ကမ္ဘာနဲ့အဝှမ်း အမျိုးသမီးနဲ့ မိန်းကလေး ငယ်တွေ အကြမ်းဖက်ခံရမှု ပပျောက်ရေးအတွက် နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁ဝ ရက်နေ့အထိ ၁၆ ရက်တာ လှုပ်ရှားမှုအဖြစ် နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီးအနေနဲ့ ဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံအသီးသီး၊ အဖွဲ့အစည်း အသီးသီးအနေနဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေအတွက် လှုပ်ရှား တောင်းဆိုနေတဲ့ကြား ကနေပဲ ကမ္ဘာနဲ့အဝှမ်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက် စော်ကားမှုတွေလည်း များသည်ထက် များလာနေတာကို တွေ့ရပြန်ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ထိန်းချုပ်ရေးဆိုင်ရာအဖွဲ့ကနေ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ စာရင်းအရ ကမ္ဘာပေါ်မှာ ချစ်သူ/ခင်ပွန်း (သို့မဟုတ်) မိသားစုဝင်တွေရဲ့ ညှဉ်းပန်း နှိပ်စက်မှုကြောင့် တစ်နေ့ကို အမျိုးသမီး ၁၃၇ ဦး သေဆုံးနေရပြီး ပြီးခဲ့တဲ့ ၂ဝ၁၇ ခု တစ်နှစ်တည်းမှာပဲ အမျိုးသမီးဦးရေ ၈၇,ဝဝဝ ခန့် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရကြောင်း ဆိုထားပါတယ်။

စီးပွားရေး၊ ပညာရေး၊ လူမှုအရေးတို့မှာ အဘက်ဘက်က လိုအပ်ချက်တွေရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းမှာလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေဆဲဖြစ်ပြီး ၂ဝ၁၆ မှာ အမှုပေါင်း ၇ဝဝ ကျော်၊ ၂ဝ၁၇ မှာ အမှုပေါင်း ၈ဝဝ ကျော်၊ ၂ဝ၁၈ နှစ်ကုန်ပိုင်း အချိန်ထိ အမှုပေါင်း ၁ဝဝဝ ကျော်ထိ ရှိနေတာကို စိုးရိမ်ဖွယ်ရာ တွေ့ရပါတယ်။

အထူးသဖြင့် အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အနိုင်ကျင့် နှိပ်စက်မှု၊ လူသတ် မုဒိမ်းမှုတွေက မြန်မာ့လူ့အဖွဲ့အစည်းအတွက် စက်ဆုပ်ဖွယ်ရာတွေအဖြစ် ရှိနေပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့စာရင်းအရ ၂ဝ၁၈ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု ၈၃၈ မှုအထိ ရှိနေခဲ့ပြီး ကလေးငယ်တွေအပေါ် လက်တွေ့ကျကျ ကာကွယ် စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနိုင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ကမ္ဘာနဲ့အဝှမ်းမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပပျောက်ရေး လှုပ်ရှားမှုတွေနဲ့အတူ ဆင်းရဲချို့တဲ့မှုရဲ့ သားကောင်တွေအဖြစ် ဆက်ရှိနေသေးတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ အပြည့်အဝပေးနိုင်ဖို့အရေး လူမှုအသိုက်အဝန်း တစ်ခုလုံးအနေနဲ့ အလေးထား စဉ်းစား ဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်း ရိုးရာလေးက တင်ပြအပ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top