ကြံ့ခိုင်မှုအပိုင်းတွင် ပြဿနာတစ်စုံတစ်ရာမရှိကြောင်း ဖိုးသော် ငြင်းဆို

JhA4CGmh.jpeg.jpg

မြန်မာပရိသတ်များ၏ အချစ်တော် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား ဖိုးသော်က အင်ဒိုနီးရှား ကစားသမား Yohan Mulia Legowo နှင့် ပွဲတွင် ကြံ့ခိုင်မှုပိုင်းအားနည်း၍ သက်လုံကျနေသည် ဆိုသည့်ဝေဖန်မှုများကို ငြင်းဆိုခဲ့သည်။

မတ် (၈) ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းတွင် ကစားခဲ့သည့် ONE: Reign of Valor ပြိုင်ပွဲကြီး၏ ဖယ်သာဝိတ်တန်းပွဲစဉ်တွင် ဖိုးသော်သည် ပထမအချီတွင်ပင် အင်ဒိုနီးရှား ကစားသမား Yohan Mulia Legowo ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သော်လည်း ပွဲကစားနေစဉ်အချိန်အတွင်း မောဟိုက်နေသည့်ပုံစံမျိုးမြင်တွေ့ခဲ့ရသဖြင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများက ဖိုးသော်၏ ကြံ့ခိုင်မှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကြခြင်းဖြစ်သည်။

“သက်လုံက ကျွန်တော် ပထမအချီမှာတော့ မောတတ်တယ်။ မောပြီးတော့ ဒုတိယအချီနဲ့ တတိယ အချီ ရောက်မှ အမောခံနိုင်လာတာမျိုးရှိတယ်။ ဘယ်လိုပြောရမလဲ။ လက်ဝှေ့မှာဆိုရင် ရှိတယ်။ ပထမ အမောကို ထုတ်လိုက်ရတယ်။ ဒီအမောကုန်သွားရင် နောက်ဘယ်လောက်ဖြစ်ဖြစ် ကစားနိုင်တာမျိုးပေ။ ပြီးမှ ဆက်ကစား နိုင်တာပေါ့”ဟု ဖိုးသော်က ရှင်းပြခဲ့သည်။

အဆိုပါပွဲစဉ်သည် ပထမအချီတွင်ပင်ပြီးသွားသဖြင့် ယင်းဖြစ်စဉ်ကို သက်လုံနှင့် ကြံ့ခိုင်မှုမကောင်းဟု မပြောနိုင်ခြင်းဖြစ်ကြောင်း၊ ဒုတိယအချီတွင် လုံးဝသက်လုံကျသွားပြီဆိုမှသာ သက်လုံမကောင်းဟု ဆိုနိုင်ကြောင်း၊ ပထမအချီတွင် မောပြီး ဒုတိယအချီတွင် အနည်းငယ်ပြန်တက်လာလျှင် သက်လုံ ကောင်းနေသေးကြောင်း ဖိုးသော်က ဆိုသည်။ ယင်းသို့ ဖြစ်လာရန်လည်း လေ့ကျင့်သည့်အခါတွင် ဆွဲတင်လေ့ကျင့်ရကြောင်း ဆက်လက်ပြောပြခဲ့သည်။

“နောက်ပွဲတွေမှာ သက်လုံကို အဓိကထားပြီး ပိုကောင်းအောင်လေ့ကျင့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သက်လုံမရှိရင် ဘယ်လောက်ပဲနည်းစနစ်ကောင်းကောင်း ကစားလို့မကောင်းဘူး။ သက်လုံက အရေးကြီးတယ်” ဟု ဖိုးသော်က ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းပွဲစဉ်သည် ဖိုးသော်၏ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားသက်တမ်းတွင် အဋ္ဌမမြောက် ပွဲစဉ်လည်း ဖြစ်သည်။ ၎င်းသည် စုစုပေါင်း ပွဲစဉ် (၈) ပွဲ ကစားခဲ့ရာတွင် (၁) ပွဲသာ ရှုံးနိမ့်ထားပြီး ကျန်ပွဲများအားလုံးကို အနိုင်ရရှိ ထားသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top