အောင်လအန်ဆန်အတွက် အကောင်းဆုံးစိန်ခေါ်သူဖြစ်လာနိုင်သည့် ကစားသမား (၅) ဦး

one-full-fights-aung-la-n-sang-s-top-5-bouts-8b0be0.jpg

လက်ရှိတွင် ONE Championship ၏ တစ်ဦးတည်းသော ဝိတ်တန်းနှစ်ခုချန်ပီယံ “မြန်မာစပါးအုံး” အောင်လ အန်ဆန်သည် လာမည့် အောက်တိုဘာတွင် ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ Brandon Vera နှင့်ထိုးသတ်ရန် စီစဉ်ထားသည်။ ယင်းမတိုင်မီတွင် မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲတစ်ပွဲ ထိုးသတ်ရန်ရည်မှန်းခဲ့သော်လည်း ပွဲတစ်ပွဲနှင့်တစ်ပွဲ အချိန်ကွာခြားမှုနည်းပါးလွန်းနေသဖြင့် ပွဲဖြစ်နိုင်ချေနည်းပါးလှသည်။ သို့သော် ဆက်လက် လျှောက်လှမ်းရမည့် ONE Championship ခရီးလမ်း၌ အောင်လအန်ဆန်အတွက် အကောင်းဆုံးစိန်ခေါ်သူ ဖြစ်လာနိုင်ဖွယ်ရှိသောကစားသမား (၅) ဦးကို ရွေးချယ်ဖော်ပြလိုက်ပါသည်။

၁။ Leandro Ataides

ဘရာဇီးလ်ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ (၅) ကြိမ် ဖြစ်ဖူးသည့် ဘရာဇီးသား Leandro “Leo” Ataides သည် လက်ရှိတွင် မစ်ဒယ်ဝိတ်တန်း၌ ထိုးသတ်နေသူဖြစ်ပြီး အောင်လအန်ဆန် နှင့်သာ ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ဖြစ်ပါက အကောင်းဆုံးတွဲဆိုင်းဖြစ်လာနိုင်သည့် ကစားသမားဖြစ်သည်။ နိုင်ငံတကာဂျူဂျစ်ဆု ပြိုင်ပွဲများတွင် အောင်မြင်မှုများစွာရရှိခဲ့သည့် Ataides သည် ၂ဝဝ၈ တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား လောကထဲဝင်လာခဲ့ပြီးနောက် (၆) ပွဲ ဆက်တိုက်အနိုင်ရခဲ့သည်။

ထို့ကြောင့် ONE Championship က ၎င်းကို ၂ဝ၁၃ တွင် ခေါ်ယူ စာချုပ်ခဲ့ပြီး ပွဲပေါင်း (၈) ပွဲ ကစားပြီးချိန်တွင် (၅) ပွဲနိုင် (၃) ပွဲရှုံး ရလဒ်ရရှိထားသည်။ သူအနိုင်ရသည့်ကစားသမားများထဲတွင် အောင်လအန်ဆန်နှင့် အကြိတ်အနယ်ကစားပြီး တစ်ယောက်တစ်ပွဲစီနိုင်ထားသည့် မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်း Vitaly Bigdash ကဲ့သို့ ကစားသမားမျိုးပါဝင်နေသဖြင့် လျှော့တွက်မရသည့်ကစားသမား ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်က အီဂျစ်ကစားသမား Mohamed Ali ကို Ataides က ဒူးပျံဖြင့်တိုက်ကာ အလဲထိုးအနိုင်ရသည့်ပွဲသည် ယင်းနှစ်၏ တစ်နှစ်တာအကောင်းဆုံးအလဲထိုးပွဲအဖြစ်ပင် သတ်မှတ်ခံခဲ့ရဖူးသည်။

၂။ Mauro Cerilli

အောင်လအန်ဆန်သည် ဟဲဗီးဝိတ်တန်းချန်ပီယံ Vera နှင့်ပင် ယှဉ်ပြိုင်ထိုးသတ်မည့်သူဖြစ်သဖြင့် အကယ်၍သာ ယင်းပွဲတွင် ရလဒ်ကောင်းခဲ့ပါက နောက်ထပ် ဟဲဗီးဝိတ်ကစားသမား တစ်ဦးဖြစ်သည့် အီတလီသား Mauro “The Hammer” Cerilli နှင့် စိန်ခေါ်ပွဲထိုးသတ်ရနိုင်ချေရှိလာမည်ဖြစ်သည်။ Cage Warriors ပြိုင်ပွဲ၏ ဟဲဗီးဝိတ်တန်းချန်ပီယံဖြစ်ခဲ့ဖူးသူ Cerilli သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကြိုးဝိုင်းထဲ အသက် (၃ဝ) ကျော်မှ စတင်ဝင်ရောက်ခဲ့သူ ဖြစ်သော်လည်း ONE Championship သို့ မရောက်မီ ပွဲပေါင်း (၁၁) ပွဲ ကစားခဲ့ ရာတွင် (၉) ပွဲနိုင်ပြီး (၂) ပွဲသာ ရှုံးနိမ့်ခဲ့သူဖြစ်သည်။

ONE ပွဲဦးထွက်တွင် ဟဲဗီးဝိတ်တန်းချန်ပီယံ Vera ကို ရှုံးနိမ့်ခဲ့သော်လည်း နောက်ဆုံးကစားသည့် ပွဲတွင် Alain
Ngalani ကို ပထမအချီအတွင်း အလဲထိုးအနိုင်ယူထားသည်။ Cerilli ၏ နိုင်ပွဲအများစုသည် ပြိုင်ဘက်ကို ပထမ အချီအတွင်းပင် အလဲထိုး/ ဒိုင်ပွဲရပ်၊ မြေပြင်ချုပ်ကွက်ဖြင့် အရှုံးပေးစေခြင်း စသည့်ရလဒ်များဖြင့် အနိုင်ရထားသူ ဖြစ်ရာ အောင်လအန်ဆန်နှင့် ထိပ်တိုက်တွေ့ပါက အကြိတ်အနယ်ရှိမည့်ပွဲတစ်ပွဲဖြစ်လာမည်ဖြစ်သည်။

၃။ Gilberto Galvao

အောင်လအန်ဆန်ကို မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်အတွက် စိန်ခေါ်နိုင်ချေရှိသည့်ကစားသမားများထဲတွင် တောင်အမေရိက မစ်ဒယ်ဝိတ်တန်းချန်ပီယံ ဘရာဇီးသား Gilberto “Giba” Galvao လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကတွင် (၁၃) နှစ်ခန့် ကျင်လည်ခဲ့သည့် ဝါရင့်ကစားသမား Galvao သည် သုံးနှစ်အတွင်း (၁၃) ပွဲ ဆက်တိုက်အနိုင်ရခဲ့ဖူးသည့်စံချိန်ကို ပိုင်ဆိုင်ထားသည်။ Galvao သည် ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း (၃၇) ပွဲ ကစားခဲ့ရာတွင် ပွဲ (၃ဝ) အထိ အနိုင်ရထားသော်လည်း ၂ဝ၁၆ တွင် ONE Championship သို့ ရောက်ရှိပြီးနောက် (၃) ပွဲသာ ကစားရသေးသူဖြစ်သည်။ ယခုလအတွင်း ကျင်းပသည့် ONE: Legendary Quest တွင်မှ စတုတ္တမြောက်ပွဲကို ကစားရမည်ဖြစ်သည်။

ONE တွင် ၎င်းရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်များသည် အောင်လအန်ဆန်နှင့် ထိပ်တိုက်တွေ့ဆုံဖူးခြင်းမရှိသဖြင့် ရလဒ် နှိုင်းယှဉ်နိုင်ခြင်းမရှိသော်လည်း နောက်ဆုံးကစားခဲ့သည့်ပွဲတွင် ONE မစ်ဒယ်ဝိတ်တန်း၌ နိုင်ပွဲအများဆုံး ကစားသမား Jake Butler ကို အနိုင်ရထားသဖြင့် ကစားရခက်မည့်ကစားသမားမျိုး ဖြစ်သည်။

၄။ Reinier De Ridder

ကစားသမားဘဝတစ်လျှောက် ရှုံးပွဲလုံးဝမရှိသေးဘဲ ပွဲတိုင်း ဆက်တိုက် အနိုင်ယူထားသည့် နယ်သာလန် နိုင်ငံသား Reinier “The Dutch Knight” De Ridder သည် အသက်အရွယ်အရရော၊ လက်စွမ်းအရပါ အကောင်းဆုံးအချိန်သို့ရောက်ရှိနေသူဖြစ်သည်။ ဥရောပ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်အမျိုးမျိုးဆွတ်ခူးခဲ့သူ De Ridderသည် အနိုင်ရသည့်ပွဲတိုင်းကို အလဲထိုး/ဒိုင်ပွဲရပ်၊ အရှုံးပေး ရလဒ်များဖြင့်သာ အနိုင်ယူခဲ့သူဖြစ်သည်။

ဘရာဇီးဂျူဂျစ်ဆုအားကစားကို ငယ်စဉ်ကတည်းကကစားလာသူပီပီ ပြိုင်ဘက် (၈) ဦးတိတိကို မြေပြင်ချုပ်ကွက် မျိုးစုံဖြင့် အရှုံးပေးအောင်ဖိအားပေးနိုင်ခဲ့သူလည်း ဖြစ်သည်။ အောင်လအန်ဆန်မှာလည်း “မြန်မာ စပါးအုံး” ဟူသောနာမည်ရသည်အထိ ပြိုင်ဘက်များကို အချုပ်အသိမ်းကျွမ်းကျင်သူဖြစ်ရာ မစ်ဒယ်ဝိတ်တန်းချန်ပီယံ စိန်ခေါ်ပွဲအဖြစ် ၎င်းတို့ နှစ်ဦးသာထိပ်တိုက်တွေ့ပါက မြေပြင်ချုပ်ကွက်ချင်း အပြိုင်အဆိုင်ယှဉ်ပြိုင်ကြမည့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။

၅။ Zebaztian Kadestam

ONE Championship တွင် ဝိတ်တန်းအနိမ့်မှကစားသမားက ဝိတ်တန်းအမြင့်သို့ တန်းတက်စိန်ခေါ် ထိုးသတ်ခြင်းမှာ အဆန်းမဟုတ်တော့ပေ။ ယင်းနည်းလမ်းဖြင့် ချန်ပီယံဖြစ်သွားသူများလည်း ရှိနေရာ အကယ်၍သာ ဝယ်လ်တာဝိတ်တန်းချန်ပီယံ Zebaztian “The Bandit” Kadestam က မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်အတွက် အောင်လအန်ဆန်ကို တန်းတက်စိန်ခေါ်ပါက ကြည့်ကောင်းသည့်တွဲဆိုင်းတစ်တွဲ ဖြစ်လာမည်ဖြစ်သည်။

ဆွီဒင်နိုင်ငံသားဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် မွေထိုင်းပညာရပ်ကို စနစ်တကျ လေ့လာဆည်းပူးခဲ့သူ Kadestam သည် ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း (၁၆) ပွဲ ကစားရာတွင် (၁၂) ပွဲ နိုင်ထားပြီး (၄) ပွဲသာ ရှုံးနိမ့်ထားသည်။ အနိုင်ရသည့် (၁၂) ပွဲ အနက် (၁ဝ) ပွဲကို အလဲထိုး/ဒိုင်ပွဲရပ် ရလဒ်များဖြင့် အနိုင်ရခဲ့ခြင်း ကလည်း Kadestam ၏ အလဲထိုးစွမ်းရည်ကို ဖော်ပြနေသည်။ သို့သော်လည်း ၎င်း၏ ဝယ်လ်တာဝိတ်တန်းတွင် ၎င်းကို စိန်ခေါ်ထိုးသတ်လိုသည့် ပြိုင်ဘက်အများအပြားရှိနေသဖြင့် အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ခွင့်ရမည့် အခွင့်အလမ်းက နည်းပါးလှသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top