ရင်သွေးကို မဆုံးရှုံးရဖို့အတွက် ကိုယ့် အသက်ဘေးနဲ့နီးတဲ့ လမ်းကိုပဲ ရွေးချယ်ခဲ့တဲ့ မိခင်

51112714_422822491795052_9048590382853521408_n.jpg

ကိုယ်ဝန်လွယ်ချိန် ရက်သတ္တပတ် ၂၀ ရှိလာခါမှ လွန်ခဲ့တဲ့ဆယ်နှစ်က ဖြစ်ခဲ့ဖူးတဲ့ ရင်သားကင်ဆာ အကြိတ် ပြန်ပေါ်လာတာကို ကိတ် (Kate) တစ်ယောက် သိလိုက်ရပါတယ်။ ဒါပေမဲ့ သူ(မ) က ကိုယ်ဝန်ကို ဖျက်ချဖို့ထက် သူ(မ) အသက်ဘေးနဲ့ နီးလွန်းတဲ့လမ်းကိုပဲ ရွေးချယ်လိုက်တာပါ။

ကိတ်ဟာ ကိုယ်ဝန်ကို မငဲ့ဘဲ ထိရောက်တဲ့ ကင်ဆာကုသမှုကို ခံယူရမလား ဒါမှမဟုတ် ထိရောက်မှုနည်းတဲ့ ကုထုံးနဲ့ပဲ ကုသပြီး ကလေးကို ကယ်လိုက်ရမလားဆိုတဲ့ ရွေးစရာနှစ်ခုကြား ဆုံးဖြတ်ချက်ချဖို့ အရမ်းခက်ခဲ့ရပါတယ်။ နောက်ဆုံးတော့ သူ(မ)ရဲ့ကလေးလေးကို အဆုံးရှုံးမခံဘဲ ရောဂါကို ကုသဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

လွန်ခဲတဲ့ ဆယ်နှစ်တုန်းကလည်း သူ(မ)မှာ ရင်သားအကြိတ် ဖြစ်နေတာကြောင့် ကင်ဆာကုသမှု ခံယူခဲ့ရပါသေးတယ်။ အဲဒီအချိန်က ကိတ်ဟာ အသက် ၂၀ သာရှိသေးပြီး ခွဲစိတ်မှု နှစ်ကြိမ် ခံယူခဲ့ရပါတယ်။

ကိတ်နဲ့ သူ(မ)ရဲ့ အမျိုးသား ဂလန်း (Glen) တို့ဟာ မိသားစုတစ်ခု ထူထောင်နိုင်ဖို့ ငါးနှစ်ကျော်ကြာအောင် စောင့်ခဲ့ကြတာပါ။ ကိတ်ဟာ ကင်ဆာရောဂါ ပြန်ဖြစ်လာမှာ စိုးတာကြောင့် ကာကွယ်ဆေးတွေကို ငါးနှစ်ကြာ သောက်ခဲ့ရပါတယ်။ ဆရာဝန်ကတော့ ဒီဆေးဝါးတွေက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တဲ့အကြောင်း သူတို့ကို သတိပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က သူတို့မှာ သမီးလေး တစ်ယောက် ထွန်းကားခဲ့ပြီး အခု ဒုတိယ ကိုယ်ဝန်ဆောင်တဲ့အခါမှာ သူ(မ)ရဲ့ ကင်ဆာရောဂါ ပြန်ပေါ်လာခဲ့ပါပြီ။ ဒီတစ်ခါတော့ ကျောရိုးမကြီး အပါအဝင် အရိုးတွေအထိပါ ပျံ့နှံ့နေတာဖြစ်ပြီး အရိုးထဲထိ ရင်သားကင်ဆာ ပျံ့နှံ့လာရင် ကင်ဆာဆဲလ်တွေ ကြီးထွားနှေးစေတဲ့ နည်းနဲ့ ကုမရတာက များပါတယ်။ ကိတ်ကတော့ သူ(မ)ရဲ့ ဒုတိယမြောက် ရင်သွေးလေးကို မျှော်လင့်နေတာကြောင့် ထိရောက်မှု နည်းတဲ့ကုသနည်းကို ရွေးချယ်လိုက်တာပါ။

အဲဒီနောက် ဒုတိယမြောက်သမီးလေးကို ခြောက်ပတ်စောမွေးစေပြီးတာနဲ့ ကင်ဆာ အမြစ်ပြတ်ဖို့ လိုတာကြောင့် ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသခဲ့ပါတယ်။ ဆက်ပြီး ကုသနေပေမဲ့လည်း ဆရာဝန်တွေက ကလေးနှစ်ယောက်အမေ ဖြစ်သွားပြီဖြစ်တဲ့ ကိတ်အနေနဲ့ ဘယ်လောက်ကြာကြာ နေရဦးမလဲ မပြောနိုင်ကြပါဘူး။ တွစ်တာကတစ်ဆင့် ဒီအဖြစ်အပျက်ကို သိသွားကြတဲ့သူတွေကတော့ သူတို့ဇနီးမောင်နှံရဲ့ သတ္တိနဲ့ မေတ္တာတရားကို ချီးမွမ်းနေကြပါတယ်။

Ref: dailymail “Breast cancer-survivor who discovers disease has returned while 20-weeks pregnant chooses against terminating her baby and risks her life”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top