ဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပရဟိတမင်းသားကြီးနဲ့ အလှမယ်လေးတို့ရဲ့ ဇာတ်လမ်းက မင်းမူနေပါတယ်။ တလောကလည်း အဆိုပြိုင်ပွဲက ကောင်မလေးတစ်ယောက်ရဲ့ အပြာရုပ်သံမှတ်တမ်းက ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါသေးတယ်။ လူမှုကွန်ရက်ပေါ်က သတင်းစာမျက်နှာတွေဟာ Engagement ကောင်းမှ၊ ကြော်ငြာရမယ်၊ ကြော်ငြာရမှ ဆက်ရပ်တည်နိုင်မယ်ဆိုတဲ့ လမ်းစဉ်နဲ့ လှုပ်ရှားနေကြတာပါ။
အဲဒီလမ်းစဉ်နဲ့ လှုပ်ရှားရာမှာ ကျင့်ဝတ်ကို ထိန်းကြတဲ့ သတင်းစာမျက်နှာတွေရှိပေမဲ့ တချို့စာမျက်နှာတွေကတော့ ” လူစိတ်ဝင်စားရင် ပြီးရော”ဆိုတဲ့ တွေးခေါ်မှုနဲ့ ခါးအောက်ပိုင်းကိစ္စတွေကို တွင်တွင်ကျယ်ကျယ်ကို ဖော်ပြနေကြပါတယ်။ လူမှုကွန်ရက်မီဒီယာတွေထက် ရေးသားဖော်ပြရာမှာ ဟုတ်သည် မဟုတ်သည် အပထား၊ ဖော်ပြဖို့သင့်၊ မသင့်ဆိုတာကို ဘေးချိတ်ပြီး ”လူကြိုက်များရင် ပြီးရော”ဆိုတဲ့ မျက်တောင်တစ်ဆုံးတွေးခေါ်မှုနဲ့ ခရီးဆက်နေမယ်ဆိုရင်တော့ အနာဂတ်မျိုးဆက်တွေကို ချောက်ထဲ တွန်းပို့နေသလိုပါပဲ။
တဖြည်းဖြည်း အားကောင်းလာတဲ့ ခါးအောက်မီဒီယာတွေရဲ့ အရွေ့က မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ အနာဂတ်မျိုးဆက်တွေရဲ့ စာရိတ္တကို တိုက်စားဖို့ တာစူနေပါပြီ။ ယဉ်ကျေးမှုနဲ့ စာရိတ္တ ဝါးမြိုခံရရင် အမျိုးသားရေးသရုပ်သကန် (National Identity) ပျောက်ဆုံးသွားတော့မှာပါ။
အရှက်၊ အကြောက်ကင်းမဲ့တဲ့ကိစ္စတွေကို မြင်ဖန်၊ တွေ့ဖန်များရင် မျိုးဆက်သစ်လူငယ်တွေရဲ့ စိတ်ထဲမှာ ”ဒါတွေက ဖြစ်ရိုးဖြစ်စဉ်ကိစ္စပဲ”ဆိုတဲ့ အတွေးမျိုး ဖြစ်သွားနိုင်ပါတယ်။ ”ကိုယ့်မှာ သူ့ကို မြင်ပါများတော့ စိတ်မှာ ချစ်ကျွမ်းဝင်” ဆိုတဲ့ စိုင်းဆိုင်မော့ရဲ့ သီချင်းစာသားအတိုင်းပေါ့။ အရှက်၊ အကြောက်ကင်းမဲ့တဲ့ ကိစ္စတွေနဲ့ ယဉ်ပါးသွားပြီး ဒီကိစ္စမျိုးလုပ်ဖို့ ဝန်မလေးတော့ရင် အနာဂတ်အတွက် ခက်ရချည်ရဲ့လို့ တွေးမိပါတယ်။
လူမှုကွန်ရက်ပေါ် ရေးသားဖော်ပြရာမှာ ဖော်ပြမယ့် အကြောင်းအရာတစ်ခုက ”ကိုယ့်ပတ်ဝန်းကျင်နဲ့ လူမှုအသိုက်အဝန်းအတွက် ဘယ်လောက် အကျိုးပြုမလဲဆိုတဲ့ တွေးခေါ်မှုတွေ အားကောင်းဖို့ လိုနေပြီဆိုတာကို တိုက်တွန်းရင်း ဒီတစ်ပတ် အယ်ဒီတာ့အာဘော်ကဏ္ဍကို အဆုံးသတ်လိုက်ပါရစေ။
Team (ရိုးရာလေး)