၂၀၁၈ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲမှာ ကက်ထရီရိုနာ ဂရေး (Catriona Gray) သရဖူဆွတ်ခူးသွားခဲ့

2018-miss-universe-cover.jpg

ဩစတေးလျနဲ့ ဖီလစ်ပီနို သွေးနှောဖြစ်သူ အသက် ၂၄ နှစ်အရွယ် အလှမယ် မစ္စ ကက်ထရီယိုနာ မက်ဂ်နာယွန် ဂရေး (Catriona Magnayon Gray) ဟာ ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲရဲ့ သရဖူကို သိမ်းပိုက်နိုင်ပါပြီ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီနေ့ကျင်းပသွားတဲ့ မယ်စကြဝဠာပြိုင်ပွဲ (Miss Universe) ဖိုင်နယ်မှာ မစ္စ ဂရေးက လက်ရှိသရဖူဆုရှင် တောင်အာဖရိကအလှမယ်နဲ့ ဗင်နီဇွဲလား အလှမယ်တို့ကို ကျော်ဖြတ်ပြီး မယ်စကြဝဠာ သရဖူကို ဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒီပြိုင်ပွဲမှာ ဖိလစ်ပိုင်နိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်လို့ အရှေ့တောင်အာရှနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ဂုဏ်ကိုပါ ဆောင်နိုင်ခဲ့တာပါ။

သူ့ရဲ့အထူးတလည် အံ့ဩ ရင်သပ်စရာအချက်ကတော့ ၂၀၁၆ ခုနှစ်တုန်းကလည်း ဖိလစ်ပိုင် ကိုယ်စားပြုအနေနဲ့ မယ်ကမ္ဘာ သရဖူဆုအတွက် ယှဉ်ပြိုင်ခဲ့ဖူးပြီး အခု မယ်စကြာဝဠာ သရဖူကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာ့ထိပ်တန်း သရဖူနှစ်ခု အတွက် နိုင်ငံ​ကိုယ်​စားပြုအ​နေနဲ့ တစ်ဦးတည်းသော ယှဉ်ပြိုင်ခွင့် ရရှိဖူးသူအဖြစ်​ အလှမယ်ပြိုင်ပွဲ သမိုင်းမှာ မှတ်တမ်းတင်နိုင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

သူက ရုပ်သံ အစီအစဉ် တင်ဆက်သူ တစ်ယောက်အနေနဲ့ကော ကြော်ငြာ မော်ဒယ် တစ်ယောက်အနေနဲ့ပါ ရပ်တည် အသက်မွေးနေသလို အဆိုတော် တစ်ဦးအဖြစ်လည်း သီချင်းသီဆိုနေတာကြောင့် စွယ်စုံရ ပါရမီရှင် တစ်ဦးလို့လည်း နာမည်ကြီးနေပါတယ်။

သူဟာ မယ်စကြဝဠာ သရဖူအတွက် ဖိုင်နယ်ပြိုင်ပွဲကို မယှဉ်ပြိုင်မီမှာ သူသီဆိုထားခဲ့တဲ့ We’re in This Together သီချင်းရဲ့ မြူးဇစ်ဗီဒီယိုက အချိန်ကိုက်ထွက်လာခဲ့ပြီး ဒီသီချင်းရဲ့ အကြောင်းအရာကတော့ မနီလာမြို့က ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရတဲ့ ဆင်းရဲသား ကလေးငယ်တွေအကြောင်းကို ကမ္ဘာကို စိတ်ဝင်စားအောင် မီးမောင်းထိုးပြပြီး အသိပညာပေး ရေးဖွဲ့ထားတာပါ။

အလှမယ်လေးက ကလေးသူငယ်တွေအတွက် ပညာသင်ကြား တတ်မြောက်ခွင့်ရဖို့ အလွန်အရေးကြီးကြောင်း အခိုင်အမာဆိုခဲ့သလို သူက ကလေးသူငယ် ပညာရေး၊ လူ့အခွင့်အရေး၊ ကျားမ တန်းတူညီမျှမှုနဲ့ တရားမျှတမှု အရေးတွေမှာ စိတ်ပါဝင်စားစွာ လှုပ်ရှား ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာ HIV ရောဂါ ဝေဒနာအတွက် အသိပညာ တိုးမြှင့်ပေးနိုင်စေဖို့ လုပ်ဆောင်နေသလို ပြိုင်ပွဲအတွင်းမှာ မနီလာမြို့ရဲ့ဆင်းရဲသားရပ်ကွက်တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး မြင်တွေ့ခံစားခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံ တွေကိုပါ ကမ္ဘာ့စင်မြင့်ထက်မှာ မျှဝေသွားခဲ့ပါသေးတယ်။

Ref: Dailymail “Just who is Catriona Gray? Meet the Australian-Filipino singer and model”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top